DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ယူနစ်အရေး မန္တလေး၊ မကွေး၊ စစ်ကိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ၃ ခု ဆွေးနွေး
DVB
·
October 9, 2023
ဖက်ဒရယ်ယူနစ်အရေး မန္တလေး၊ မကွေး၊ စစ်ကိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ၃ ခု ဆွေးနွေး
Donate to DVB

မြန်မာပြည်အလယ်ပိုင်း ဗမာတိုင်းရင်းသားအများစုအခြေစိုက်ရာ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းက လွှတ်တော်ကိုယ်စားပြုကော်မတီ ၃ ခုဟာ  ဒေသအလိုက် ဖက်ဒရယ်ယူနစ် တခုချင်းစီ ဖွဲ့စည်းတည်ဆောက်ရေးအတွက်  အောက်တိုဘာ ၉ ရက်က  ဒီကနေ့ အွန်လိုင်းကနေ အစည်းအဝေးပြုလုပ်နေပါတယ်။

စက်တင်ဘာလကုန်ပိုင်းကစပြီး စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ CRSH နဲ့ CDM ဝန်ထမ်း‌တွေ၊ မြေပြင်နိုင်ငံရေးအစုအဖွဲ့တွေဟာ ဖက်ဒရယ်ယူနစ်ရေးရာကိစ္စရပ်တွေအတွက် တွေ့ဆုံ ဆွေးနွေးတာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

အွန်လိုင်းကနေတဆင့် စုစည်းဆွေးနွေးတာတွေရှိသလို CRSH ခေါင်းဆောင်တွေက မြေပြင်အထိဆင်းပြီး လိုက်လံဆွေးနွေးတာတွေလည်းရှိခဲ့ပါတယ်။ 

ဆွေးနွေးမှုတွေဟာ ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းအရ ဖြစ်ပေါ်လာတာပါ။

ဖက်ဒရယ်ယူနစ်ဆိုတဲ့ အသုံးအနှုန်းဟာ နောင်ဖြစ်ပေါ်လာမယ့် ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံမှာ ပါဝင်တဲ့ တိုင်းနဲ့ ပြည်နယ်တခုချင်းစီကို ယူနစ်တခုချင်းစီအဖြစ် ဥပဒေကြမ်းမှာ သတ်မှတ် သုံးနှုန်းထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွေးက “စစ်ကိုင်းဖက်ဒရယ်ယူနစ်ကို သွားကြဖို့အတွက် နိုင်ငံ့ CDM အစုအဖွဲ့တွေ၊ သပိတ်အင်အားစုကော်မတီတွေ မတူတာတော့ ရပ်တည်ချက်မတူတာဘဲ ရှိမယ်။ အားလုံးဖက်ဒရယ်စနစ်ကို ယုံယုံကြည်ကြည်နဲ့ အနာဂတ်ကို တောက်ပအောင် ဆေးခြယ်မယ့် ပုဂ္ဂိုလ်တွေအားလုံးနဲ့ တဖက်မှာ ကြီးမားတဲ့ ရည်ရွယ်ချက်ကို သွားတွေ့ရပါမယ်။ မတူကွဲပြားတယ်ဆိုတဲ့အမြင် စကားရပ်ရှိပေမယ့် တဖက်မှာကြည့်ရင် စစ်ကိုင်းဖက်ဒရယ်အတွက် အင်မတန်မှ တူနေတာကို တွေ့ရပါလိမ့်မယ်။ ကျနော် အဲဒီအစုအဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံပြီးတော့ ရှေ့လာမယ့်လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးတာ ဖြစ်တယ်။ CRSH က နိုင်ငံရေးအရ တရားဝင်မှုအရ နောက်တာဝန်အရ ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေအားလုံးကို ချိတ်ဆက်ရှင်းလင်းတွေ့ဆုံတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာလဆန်းပိုင်းကစပြီး စစ်ကိုင်း၊ မကွေးနယ်စပ် ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်မြို့နယ်တွေမှာတော့ စစ်ကောင်စီက အင်အား ၃၀၀ ကျော်နဲ့ ဝင်ရောက်စီးနင်းတာ၊ ပျူစောထီးရွာတွေကို  ရိက္ခာထောက်ပို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ယင်းမာပင်ခရိုင်၊ ပုလဲနယ်ထဲမှာ ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စားဝတ်နေရေးခက်ခဲနေကြတာကြောင့် PDF တပ်ရင်းတွေက စားသောက်ကုန် ဝေမျှတာ၊ အရေးပေါ်ဆေးကုသမှုပေးတာတွေပြုလုပ်ပေးနေရပါတယ်။

ဒေသခံ PDF သခင်ဒေါင်းညိုက “လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သူတို့အနားကို ကပ်လို့မရအောင် ရမ်းသန်းပစ်နေတယ်။ လမ်းဘေးက တချို့အိမ်တွေလည်း ပျက်စီးတယ် ပြောတယ်။ ကားတွေနဲ့ လှည်းတွေနဲ့ ခေါက်တုံ့ခေါက်ပြန် ရိက္ခာသယ်လိုက် လုပ်နေတယ်။ သူတို့အထိုင်က အရှင်ဗျ။ အစက မနေ့ညက မင်းတိုင်ပင်မှာ အိပ်တယ်။ ဒီနေ့မနက်ကတော့ အိုင်းမလောက်ကို သူတို့ ထွက်ပြီးတော့ ဇီးဖြူကုန်းက လှည်း ၅ စီးချင်း ၅ စီးချင်း ကားပေါ်ကပါတဲ့ ရိက္ခာတွေကို သယ်ကြတယ်။ ယာဉ်တန်း ၂ ခုခွဲပြီးကာမှ ရိက္ခာတွေ ပို့ဆောင်နေတယ်။ တော်လှန်ရေးအင်အားစုတွေ ဘာမှလုပ်လို့မရအောင်လည်း ဘေးပတ်ပတ်လည်ကို ရမ်းသန်းပစ်နေတယ်။ အင်အားက တော်တော်များတယ်၊ အလုံးအရင်းကြီး၊ ကိုယ်လုပ်လိုက်ရင်လည်း ရွာတွေနာသွားမှာစိုးလို့ တပ်ပြန်ခေါက်လာခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေ  “၂၃ နှစ်လည်မှာတော့ ဖက်ဆစ်စစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ပြီးမှ ပိုက်စိပ်တိုက်ရှာဖွေချေမှုန်းတဲ့ ဗျူဟာပေါ့ဗျာ။ အဲဒီပုံစံကို ပြောင်းလဲလာတာတော့ တွေ့ရတယ်ဗျ။ ဒါ ကျနော်တို့ ရှေ့ပိုင်းမှာ မြင်းမူ၊ မြောင်၊ ချောင်းဦး၊ မုံရွာ တို့ဘက်မှာ လုပ်တဲ့ပုံစံတွေပေါ့။ ဒီနယ်မြေဒေသတခုကို ဝင်မွှေတော့မယ်ဆိုရင် အရင်ဆုံး ကုန်းလမ်း ရေလမ်း ဝင်လမ်းထွက်လမ်းတွေကို အရင်ဆုံးပိတ်တယ်။ ဝင်လမ်းထွက်လမ်းတွေမှာ ကြိုပြီးတော့ နေရာယူတယ်။ နေရာယူတဲ့အခါမှာလည်း သူတို့က PDF ပုံစံ ဝတ်စားတာတို့ ပြည်သူပုံစံ ဝတ်စားတာတို့ ပုံဖျက် ရုပ်ဖျက်ပြီးတော့မှ နေရာယူတာတွေရှိတယ်။ နေရာယူပြီးတော့မှ နယ်မြေထဲကို ပိုက်စိပ်တိုက်ပြီး ဝင်မွှေတာပေါ့ဗျာ။ မြင်းမူနဲ့ မြောင် ကြားမှာဆိုရင်လည်း PDF ပုံစံဝတ်စားထားတဲ့ ဖက်ဆစ်တပ်တွေနဲ့ ပက်ပင်းတိုးမိပြီးတော့ ပြည်သူ့တော်လှန်ရေးတပ်သား အယောက် ၂၀ ကျော် ကျဆုံးခဲ့ရတာတွေ ရှိတယ်။ လေကြောင်းပစ်ကူကြောင့် ‌ချောင်းဦးဘက်မှာ ကျဆုံးခဲ့ရတာတွေလည်း ရှိတယ်။ အခုလည်း ဟောင်ဝစ်ဇာအမြှောက်တွေ အပါအဝင် အင်အား ၃၀၀ လောက်နဲ့ ဆားလင်းကြီးဘက်ကနေ စပြီးတော့မွှေနေတယ်”လို့ ပြောပါတယ်။

ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းဟာ တိုင်းနဲ့ ပြည်နယ်အဆင့် အခြေခံဥပဒေအတွက် ရည်ညွှန်းထားတဲ့ ဥပဒေကြမ်း ဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တွေကို ဖက်ဒရယ်ယူနစ်အဖြစ် သုံးနှုန်းပြီး လုပ်ငန်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၊ NUG အစိုးရနဲ့ တိုင်းရင်းသားအစုအဖွဲ့တွေဘက်က အတည်ပြုထားတာ မရှိသေးပါဘူး။

မေလတုန်းက ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်မှာ စစ်ကိုင်းတိုင်းကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအစုအဖွဲ့ ဒါမှမဟုတ် အတိုင်ပင်ခံကောင်စီကို တိုင်းရင်းသားဒေသတွေမှာလို ဖွဲ့စည်းနိုင်ရေး ဆွေးနွေးချက်တွေ ရှိခဲ့တာပါ။

စစ်ကိုင်းတိုင်း မြေပြင်မှာ ပြန့်ကျဲနေတဲ့ တော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့တချို့ကြားမှာ သဘောထား မတိုက်ဆိုင်တာတွေ ရှိခဲ့သလို နိုင်ငံရေးအရ ရပ်ခံမှုတွေကလည်း မတူညီကြဘဲ ညှိနှိုင်းဖို့ ခက်ခဲတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013