DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်  မမိုးမြင့်၏ ဈာပနအတွက် မိခင်ဖြစ်သူ ထိုင်းနိုင်ငံကို ရောက်လာ
DVB
·
October 6, 2023
ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်  မမိုးမြင့်၏ ဈာပနအတွက် မိခင်ဖြစ်သူ ထိုင်းနိုင်ငံကို ရောက်လာ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်အတွင်း အောက်တိုဘာ ၃ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့သူ မမိုးမြင့်ရဲ့ ဈာပနကို အောက်တိုဘာ ၈ ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး သူ့ရဲ့ မိခင်ဖြစ်သူ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လာရောက်နေပြီလို့ သိရပါတယ်။

မမိုးမြင့်ရဲ့ ရုပ်အလောင်းကို ထိုင်းရဲတွေဘက်က စစ်ဆေးပြီးဖြစ်ကာ ပြီးခဲ့တဲ့ရက်အတွင်းက တနင်္လာနေ့မှာ သင်္ဂြိုဟ်မယ်လို့ မမိုးမြင့်နဲ့ နီးစပ်သူတွေက ပြောခဲ့ပေမဲ့ သမီးဖြစ်သူ နာရေးကို မိခင် လာရောက်နေပြီ ဖြစ်တာကြောင့် တနင်္ဂနွေ ညနေပိုင်းမှာ သင်္ဂြိုဟ်သွားမယ်လို့ မမိုးမြင့်ရဲ့ မောင်တဝမ်းကွဲ တော်စပ်သူက ပြောပါတယ်။

“တနင်္ဂနွေနေ့မှာ အသုဘချမယ်။ မီးသင်္ဂြိုဟ်မယ်။ အစကတော့ အမေကြီး မတက်လာဘူး။ အခုတော့ အမေကြီး တက်လာလို့ ချက်ချင်း ပြောင်းလိုက်တာ။ တနင်္ဂနွေ ၅ နာရီလောက် သင်္ဂြိုဟ်ဖြစ်မယ်။ နာရေးကိစ္စတွေတော့ သူဌေးအကုန်လုံး တာဝန်ယူပေးတယ်။ သံရုံးဘက်ကလည်း ကိစ္စအဝဝ လိုက်လုပ်ပေးပါတယ်”လို့ မမိုးမြင့်ရဲ့ မောင်တဝမ်းကွဲက ဒီဗွီဘီကို ပြောပါတယ်။

ကွယ်လွန်သူ မမိုးမြင့်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၅ ရက်က ဘန်ကောက်မြို့အနီး နွန်ထပူရီခရိုင်၊ ပတ်ကလေမြို့နယ် ဘန်ဖုရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတခုမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မမိုးမြင့်ရဲ့ အသုဘကို ကျန်ရစ်သူ မိသားစု ဆန္ဒအရ တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး မမိုးမြင့်ရဲ့ မိခင်ဆီက အချက်အလက်တွေနဲ့ သူရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ ရရှိအောင် ထိုင်းဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေး ကူညီပေးနေတယ်လို့ ဘန်ကောက် မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိရုံး တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ နောက်ဆုံး သိရတာတော့ တနင်္ဂနွေနေ့ သင်္ဂြိုဟ်မယ်လို့ သိရတယ်။ သူတို့ အမေ လာတဲ့အခါ သူ့အချက်အလက်တွေ ယူထားပြီး ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ ရဖို့ ဆက်ပြီး ဆောင်ရွက်ပေးနေပါတယ်။”

ထိုင်းသတင်းတွေမှာ ဖော်ပြချက်အရ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂ ဦးရှိပြီး တရုတ်နိုင်ငံသူက ကျည်ဆန် တစ်ချက်နဲ့ မမိုးမြင့်က ကျည်ဆန် သုံးချက် ထိမှန်ပြီး သေဆုံးခဲ့တာပါ။

သေဆုံးခဲ့သူ နှစ်ဦးစလုံးအတွက် ထိုင်းနိုင်ငံဘက်က တဦးကို ထိုင်းဘတ်ငွေ ၂ သိန်းစီ ပေးသွားမှာဖြစ်ပြီး တခြား ထိခိုက်ပျက်စီးမှုတွေအတွက်လည်း စစ်ဆေးပြီး နစ်နာကြေး ပေးသွားမယ်လို့ ထိုင်းတရားရေးဌာနက ပြောဆိုထားပါတယ်။

ပြစ်မှုကျူးလွန်သူ လူငယ်ကို ထိုင်းရဲဌာနက ပုဒ်မ ၅ ခုနဲ့ စွဲချက်တင်ထားပြီး ဒီလူငယ်ကို အွန်လိုင်းကနေ သေနတ်ရောင်းပေးသူ၊ ကျည်ဆန်ရောင်းပေးသူ၊ သေနတ်ပစ် လေ့ကျင့်ပေးသူတွေထဲက နှစ်ယောက်ကိုလည်း ထပ်ဖမ်းမိထားကြောင်း၊ လွတ်မြောက်နေတဲ့ နောက်ထပ် တယောက်ကိုပါ ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။

မမိုးမြင့်ရဲ့ အလုပ်ရှင်သူဌေးကတော့ မမိုးမြင့်ရဲ့ မိဘတွေဆီ သူ လစဉ် ထောက်ပံ့နေကျ ငွေကြေး ဘတ်ငွေ ၁၀၀၀၀ ကို ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ ထိုင်းအခြေစိုက် The Nation သတင်းမှာ ပြောဆိုထားပါတယ်။

ကွယ်လွန်သူ မမိုးမြင့်ဟာ မိသားစု အားကိုးရသူဖြစ်တာကြောင့် သူ့ ကွယ်လွန်မှုကို နှမြောမိတယ်လို့ မောင်ဝမ်းကွဲ တော်စပ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကိုယ့်အစ်မ ဝမ်းကွဲဆိုတော့ နှမြောတာပေါ့။ သူက မိဘ အားကိုးရတဲ့သူဆိုတော့..။”

အသက် ၃၁ နှစ်အရွယ် မမိုးမြင့်ဟာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သထုံဇာတိက ဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ ၁၀ နှစ်ကျော်ပြီဖြစ်ကာ ထိုင်း၊ အင်္ဂလိပ်နဲ့ တရုတ်ဘာသာစကားတို့ကို တက်ကျွမ်းသူ ဖြစ်ပါတယ်။

သေဆုံးသူ မမိုးမြင့်ဟာ Siam Center မှာရှိတဲ့ Take Toys ဆိုင်က ဝန်ထမ်းတယောက်ဖြစ်ပြီး Siam Paragon ကုန်တိုက်မှာရှိတဲ့ ဘန်ကောက် ဘဏ်ခွဲမှာ ငွေသွင်းဖို့ လာရောက်စဉ် ပစ်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Siam Paragon ကုန်တိုက်က ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆေထာထီးဆင်က လူမှုကွန်ရက် တွစ်တာမှာ ဝမ်းနည်းကြောင်း ရေးသားခဲ့ပေမဲ့ သေဆုံးသူ တရုတ်နိုင်ငံသား အကြောင်းသာ ပါဝင်ပြီး သေဆုံးသူ မြန်မာ အလုပ်သမားနဲ့ ဒဏ်ရာရခဲ့တဲ့ လာအို အလုပ်သမားတို့ကို ထည့်သွင်း မရေးထားတာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013