DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် ကုန်တိုက်ပစ်ခတ်မှု၌ သေဆုံးသွားသည့် မမိုးမြင့်၏ ဈာပန တနင်္လာနေ့ ကျင်းပမည် 
DVB
·
October 5, 2023
ဘန်ကောက် ကုန်တိုက်ပစ်ခတ်မှု၌ သေဆုံးသွားသည့် မမိုးမြင့်၏ ဈာပန တနင်္လာနေ့ ကျင်းပမည် 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်အတွင်း ပစ်ခတ်မှုမှာသေဆုံးခဲ့တဲ့ မမိုးမြင့်ရဲ့ ဈာပနကို လာမယ့် တနင်္လာနေ့ အောက်တိုဘာ ၉ ရက်နေ့မှာပြုလုပ်သွားမယ်လို့ သူ့နဲ့ နီးစပ်သူတွေနဲ့ မြန်မာသံရုံးက ပြောပါတယ်။

ဘန်ကောက်မြို့ကို ထိတ်လန့်စေခဲ့တဲ့ ဆယမ်ပါရာဂွန် ကုန်တိုက်အတွင်း သေနတ်ပစ်ခတ်မှုမှာ သေဆုံးခဲ့ရတဲ့ မမိုးမြင့်ရဲ့ ရုပ်အလောင်းကို ရဲဘက်ကစစ်ဆေးပြီးလို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ယူလာခဲ့ပြီ ဖြစ်ပါတယ်။

အောက်တိုဘာ ၅ ရက်မှာတော့ သူရဲ့ရုပ်အလောင်းကို ဘန်ကောက်မြို့အနီး နွန်ထပူရီခရိုင် ပတ်ကလေမြို့နယ် ဘန်ဖုရပ်ကွက်က ဘုန်းကြီးကျောင်းတစ်ခုကို ပို့ဆောင်ထားပြီး လာမယ့် တနင်္လာနေ့မှာသင်္ဂြိုဟ်မယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မမိုးမြင့်ရဲ့ သူငယ်ချင်းတဦးက“ ရုပ်အလောင်းကိစ္စကတော့ သူတို့ထိုင်းဟိုကနေ (ထိုင်းရဲဆေးရုံ) ယူတာရသွားပြီ။ ၅ ရက်ထားပြီ။ သင်္ဂြိုဟ်မှာ တနင်္လာနေ့မှာပေါ့ ၅ နာရီအချိန်လောက်မှာ။ မနေ့က ခဏပဲသွားရပြီး ပြန်လာရတယ်။ ကျွန်တော်တို့က အလုပ်လည်း ရှိနေတော့လေ။ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ အပ်ထားလိုက်တယ်။ သူ့ရဲ့အလုပ် သူဌေးပေါ့။ သူဌေးကပဲ စီစဉ်ပေးတာ ဆိုတော့။ ဈာပနတွေဘာတွေကတော့ အကုန်လုံး သူဌေးကပဲ တာဝန်ယူတာ ”လို့ ပြောပါတယ်။

ဒီပြောဆိုချက်တွေအပေါ် မြန်မာသံရုံးဘက်ကလည်း ဟုတ်မှန်ကြောင်း ဒီဗွီဘီကို အတည်ပြုပါတယ်။ ထိုင်းသတင်းတွေအရတော့ သေဆုံးသူ ၂ ယောက်ထဲက တရုတ်နိုင်ငံသူဟာ ကျည်ဆန် တစ်ချက်နဲ့ မမိုးမြင့်ကို ကျည်ဆန် သုံးချက် ထိမှန်ပြီး သေဆုံးခဲ့ကြရတာလို့ ဆိုပါတယ်။

မြန်မာသံရုံးအရာရှိ ဦးသူရိန်လင်းက “သေနတ်အပစ်ခံရတာပဲ သိရတယ်။ ကျနော်တို့ အသေးစိတ်တော့ ရဲစခန်းကို တောင်းထားတုန်း။ ရဲစခန်းက မပေးသေးဘူးပေါ့နော်”လို့ ပြောပါတယ်။

သေဆုံးခဲ့ရတဲ့သူ  နှစ်ဦးအတွက် နစ်နာကြေးအဖြစ် တစ်ဦးကို ထိုင်းဘတ်ငွေ ၂ သိန်းစီ ပေးမှာဖြစ်ပြီး တခြား ထိခိုက်ပျက်စီးမှုတွေအတွက်လည်း စစ်ဆေးပြီး နစ်နာကြေး ပေးဆောင်သွားမယ်လို့ ထိုင်းတရားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

နစ်နာကြေးကိစ္စရပ်နဲ့ပတ်သက်လို့လည်း တွေ့ဆုံပြောဆိုဖို့ရှိတယ်လို့ မြန်မာသံရုံးအရာရှိ ဦးသူရိန်လင်းက ပြောပါတယ်။

“မသိရသေးပါဘူးဗျာ။ သတင်းတွေကတော့ အမျိုးမျိုးတက်နေတာပဲ တရားရေးနဲ့ ကျနော်တို့ တွေ့ဆုံပြီး ပြောရဦးမှာ။ လောလောဆယ် တရားရေးနဲ့ တွေ့ပြီးမှ ဘာစာရွက်စာတမ်းတွေလိုလဲ။ အဲ့ဒါတွေ ကျနော်တို့က စုစည်းပြုစုရမှာလေ။”

မြန်မာသံရုံးအရာရှိတွေနဲ့ ထိုင်းတရားရေးတာဝန်ရှိသူတွေ ဘယ်အချိန် ဘယ်နေရာမှာ တွေ့မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ မြန်မာသံရုံးအနေနဲ့ နီးစပ်သူတွေနဲ့ အမြဲချိတ်ဆက်နေပြီး ကူညီစရာရှိတာတွေ ဆက်လက်ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ပုံမှန်ဆိုရင် နစ်နာကြေးငွေကို သန်းခေါင်စာရင်းထဲပါတဲ့ မိသားစုဝင်က ထုတ်ယူရတာဖြစ်ပေမယ့် ထိုင်းအထိလိုက်မလာနိုင်တဲ့ အမေဖြစ်သူအတွက် မြန်မာသံရုံးက ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ ထိုင်း-မြန်မာ မဟာမိတ်ဖောင်ဒေးရှင်း (TACDB) ရဲ့ ဒါရိုက်တာ ဦးမြင့်ဝေက သုံးသပ်ပါတယ်။

ဦးမြင့်ဝေက “ယိုးဒယား(ထိုင်း) အစိုးရက ပေးမယ့်လျော်ကြေးက ဘတ် ၂ သိန်းပေါ့။ အသုဘ ကုန်ကျစရိတ်က ဘုရင်က ထုတ်ပေးမယ်လို့ ပြောတယ်။ သူက လုပ်ငန်းခွင်မှာ အလုပ်ဝင်ရင်း ပစ်သတ်သွားတဲ့အတွက် အဲဒီ Social security ရဲ့ လျော်ကြေးထည့်ထားတယ် မထည့်ထားဘူး။ လုပ်ငန်းရှင်၊ စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်တွေက အဲဒီ Social security လုပ်မပေးကြဘူး အသေအချာ”လို့ ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူရဲ့ဈာပနကို ပြစ်မှုကျူးလွန်သူ ထိုင်းလူငယ်ရဲ့ အုပ်ထိန်းသူတွေ တစ်ယောက်မှ လာရောက်တာမရှိသလို တရားဝင် တောင်းပန်တာလည်း မတွေ့ရသေးဘူးလို့ ထိုင်းသတင်းတွေ ကဆိုပါတယ်။

ဘန်ကောက် ဆယမ်ပါရာဂွန်  (Siam Paragon) ကုန်တိုက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆေထာထီးဆင်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် တွီတာမှာ ဝမ်းနည်းကြောင်း ထုတ်ဖော်ရေးသားခဲ့ပါတယ်။

အဲ့လိုရေးသားရာမှာ တရုတ်သံအမတ်နဲ့ ဆက်သွယ်ခဲ့ကြောင်း ထိုင်းနိုင်ငံကို အလည်လာရင်း သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ တရုတ်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းကြောင်း ဆိုထားတာပါ။

ဝန်ကြီးချုပ်ရဲ့ ရေးသားချက်မှာ သေဆုံးခဲ့ရတဲ့ မြန်မာအလုပ်သမား မမိုးမြင့်နဲ့ ဒဏ်ရာရခဲ့တဲ့ လာအို အလုပ်သမားတို့အတွက် ဝမ်းနည်းကြောင်းမဖော်ပြမိတာကြောင့် ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေက ဝေဖန်နေကြပါတယ်။

ပြစ်မှုကျူးလွန်သူ လူငယ်ကို ထိုင်းရဲဌာနက ပုဒ်မ ၅ ခုနဲ့ စွဲချက်တင်ထားပြီး ဒီလူငယ်ကို အွန်လိုင်းကနေ သေနတ်ရောင်းပေးခဲ့သူ၊ ကျည်ဆန်ရောင်းပေးသူ၊ သေနတ်ပစ် လေ့ကျင့်ပေးသူတွေထဲက နှစ်ယောက်ကိုလည်း ထပ်ဖမ်းမိထားကြောင်း ဆိုပါတယ်။ 

ဒါ့အပြင် လွတ်မြောက်နေတဲ့ နောက်ထပ် တယောက်ကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်း PBS သတင်းမှာ ဖော်ပြထားပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013