Home
မြန်မာသတင်း
ဂန့်ဂေါနယ်၊ ကန့်သတ်ရွာသားများကို စစ်ကောင်စီတပ်က ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ခိုင်းနေ
DVB
·
October 5, 2023

မကွေးတိုင်း၊ ဂန့်ဂေါနယ်ထဲက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၃) ဝင်းအထဲမှာရှိတဲ့ ကန့်သတ်ရွာသားအားလုံး ပြည်သူ့စစ်အဖွဲ့ထဲဝင်ရမယ်လို့ စစ်ကောင်စီဘက်က ပြောထားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်း (၁၉) တာဝန်ရှိ သူတစ်ယောက်က “ရွာသားတွေကို အသက် ၁၆ နှစ်နဲ့အထက် အသက် ၅၅ ကြားကို ပျူစောထီး လုပ်ခိုင်းရမယ်ပေါ့။ အဲဒီလိုမလုပ်ခိုင်းရင် သူတို့လည်း မလုပ်နိုင်ဘူးဆိုပြီး အတင်းအကျပ်ပြောနေတယ်” လို့ ပြောပါတယ်။

ကန့်သတ်ရွာထဲမှာနေတဲ့ ပျူခေါင်းဆောင်ဖြစ်သူ (အုပ်ချုပ်ရေးမှူးဟောင်း) က အဲဒီလို ပြောလာတာဖြစ်ပြီး တကယ်လို့ ပြည်သူ့စစ်ထဲမဝင်ရင် ဘယ်လို အရေးယူမယ်ဆိုတာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ တိုက်ခိုက်မှုအပြီး ရွာသားတွေကို အလှည့်ကျကင်းစောင့်ခိုင်းရာကနေ အောက်တိုဘာလထဲမှာတော့ ရွာကို ကာကွယ်ဖို့ဆိုပြီး ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ဖို့အထိ လုပ်လာတာပါ။

ဒေသခံရွာသားတစ်ယောက်က “ပျူစောထီးတော့ မသုံးဘူးပေါ့လေ။ သူတို့က ပြည်သူ့စစ်လို့ သုံးတာ။ ဒါပေမဲ့ နာမည်ပဲကွဲတာပါ။ အကုန်လုံးအတူတူပဲ” လို့  ပြောပါတယ်။

ကန့်သတ်ရွာဟာ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေး စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) ၂၃ စက်ရုံပိုင်နက်နဲ့ အနီးဆုံးမှာရှိတဲ့ရွာဖြစ်ပြီး ရွာထဲမှာ စစ်သားအင်အား ၆၀ လောက် ပုံမှန်တပ်စွဲထားတယ်လို့ ဆိုပါတယ်။

လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ ကန့်သတ်ရွာက ဒေသခံ ၃၀၀ ဝန်းကျင်လောက်ဟာ ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းလောက်ကစလို့ ပုလဲမြို့နယ်ထဲမှာ  စစ်ရှောင်နေခဲ့ပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်က ရွာမှာကျန်ရှိတဲ့ ရွာသားတွေကို ပြည်သူ့စစ်ထဲ ဝင်ခိုင်းတာကြောင့် ထွက်ပြေးလာသူတချို့ရှိနေပြီး လူဦးရေ ၄၀၀ ဝန်းကျင်လောက်တော့ ရွာမှာ ဆက်လက် ပိတ်နေဆဲလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024