DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် စစ်တပ်က စားနပ်ရိက္ခာ၊ ဆေးဝါးများ သယ်ယူခွင့် တားဆီးကန့်သတ်
DVB
·
October 3, 2023
ညောင်လေးပင်တွင် စစ်တပ်က စားနပ်ရိက္ခာ၊ ဆေးဝါးများ သယ်ယူခွင့် တားဆီးကန့်သတ်
Donate to DVB

ညောင်လေးပင်ခရိုင်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ တားဆီးကန့်သတ် ဖမ်းဆီးတာတွေကြောင့် ပြည်သူနဲ့ စစ်ဘေးရှောင် ၁၀၀၀၀ ကျော် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေအတွင်း စစ်ကောင်စီတပ်တွေက စစ်‌ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ သယ်ယူရာမှာ ကန့်သတ်တားဆီးပိတ်ပင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် လူတယောက်ကို ဆီ ရေသန်းဘူး ၁ ဘူးနဲ့ ဆန် ၄ ပြည်ထက် ပိုမိုသယ်ဆောင်ခွင့်မပြုတဲ့အပြင် ‌ဆေးဝါးနဲ့စက်သုံးဆီ သယ်ယူခွင့်ကို လုံးဝပိတ်ပင်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် စစ်တောင်းမြစ်အရှေ့ခြမ်းမှာ ဆန် ၁ အိတ်ကို ကျပ် ၁၀၀,၀၀၀ ကျော်၊ စားဆီ ၁၀ ပိဿာ ပုံး ၁ ပုံးကို ၁၁၀,၀၀၀ ကျပ်၊ စက်သုံးဆီ ၁ ဂါလန် ၁၅,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဒေသခံပြည်သူတဦးက "လက်ရှိအခြေအနေက ဒေဒသခံပြည်သူတွေ စားနပ်ရိက္ခာဝယ်ယူတဲ့နေရာမှာ အကျပ်အတည်းတွေဖြစ်တယ်။ ပြီးခဲ့တဲ့ ၁ ရက်၊ ၂ ရက်က အသေပိတ်လိုက်တယ်။ ဆိုင်ကယ်နဲ့တော့ သွားလို့ရတယ်။ သုံးဘီးနဲ့ လုံးဝ သယ်ခွင့်မပြုဘူး။ အဲဒီအခက်အခဲတွေကတော့ လက်ရှိအခြေအနေမှာ ဒေသခံတွေ ကြုံတွေ့နေရတယ်" လို့ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းဝင်ရောက်လာတာကြောင့် အောက်တိုဘာ ၁ ရက်က စတင်ပြီး ၂ ရက်အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ပုဇွန်မြောင်းကျေးရွာ ဘုန်းကြီးကျောင်းက ဦးဇင်း ၁ ပါးနဲ့ ဒေသခံ ၂ ယောက်ကို ဖမ်းဆီးပြီးနောက် ဦးဇင်း ၁ ပါးနဲ့ ဒေသခံ ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကစတင်ပြီး ၂ ရက်အထိ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်မြို့နယ်၊ ပုဇွန် မြောင်းကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ၁၅ ယောက်နီးပါးသေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါအပြင် သေနတ် ၁ လက်နက်သိမ်းဆည်းရမိခဲ့ တဲ့အပြင် စစ်ကား ၁ စီးကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ Royal Peacock Column က ထုတ်ပြန်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရရှိမှု အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013