DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်း မလုပ်ကြရန် NUG ယာယီသမ္မတပြော
DVB
·
October 3, 2023
တော်လှန်ရေးကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်း မလုပ်ကြရန် NUG ယာယီသမ္မတပြော
Donate to DVB

တော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုပြီး ငါတို့က သူများထက်သာတယ်ဆိုတဲ့ (Moral high ground) ယူတာမျိုးကို လုံးဝလက်ခံလို့ မရဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

အောက်တိုဘာ ၃ ရက် ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၃၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေးကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာတွေ အပါအဝင် တော်လှန်ရေးနဲ့ လုံခြုံရေး အခြေအနေကို အသုံးချပြီး လိင်အမြတ်ထုတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ နှောင့်ယှက်စော်ကားတဲ့ အဖြစ်အပျက်တွေ မရှိဖို့ကိုလည်း အထူးအလေးထားဖို့ လိုအပ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေ ရှိလာရင်လည်း တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဖြေရှင်းဆောင်ရွက်ကြရပါမယ်။ တော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုပြီး ငါတို့က သူများထက် သာတယ်ဆိုတဲ့ (Moral high ground) ယူတာမျိုးကို လုံးဝလက်ခံလို့မရဘူးဆိုတာ ကျနော့်အနေနဲ့ အလေးထား ပြောလိုပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေး စတင်ချိန်ကနေစပြီး ဒီကနေ့အချိန်အထိ အမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီးတော့ ဒီတော်လှန်ရေးကို ရှင်သန်ကြီးထွားနေတဲ့ သစ်ပင်တပင်အဖြစ် မြင်ကြည့်လိုက်မယ်ဆိုရင် လူငယ်တွေရဲ့ ဦးဆောင်နိုင်မှု၊ ရဲဝံ့ပြတ်သားမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေဟာ သစ်ပင်တပင်ရဲ့ အမြစ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“လူငယ်လို့ ပြောတဲ့အခါမှာ အမျိုးသမီး၊ အမျိုးသား အားလုံးကို လွှမ်းခြုံပါတယ်။ ဒီနေရာမှာ ကျနော် ဂုဏ်ယူစွာ ပြောလိုတာက ဒီတော်လှန်ရေးရဲ့ ဦးဆောင်မှုကစပြီး အဆင့်ဆင့်သော နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေးနဲ့ နည်းပညာ နယ်ပယ်စုံမှာ အမျိုးသမီးတွေရဲ့ ရင်ဘောင်တန်း ပါဝင်နိုင်မှုဟာ သိပ်ကို ကျေနပ်အားရဖွယ်ရာ ကောင်းလှပါတယ်။ ဒါက ကျနော်ပြောလေ့ရှိသလို ဒီတော်လှန်ရေးဟာ စစ်ကောင်စီပြုတ်ကျရေး သက်သက်တင်မကဘဲ စနစ်နဲ့ အတွေးအခေါ်အဟောင်းတွေကိုပါ ဖြိုချပစ်မယ့် တော်လှန်ရေး ဖြစ်တာကြောင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ထောင်တဲ့နေရာမှာ တန်းတူညီမျှမှု အပြည့်အဝရှိပြီး ခွဲခြားဆက်ဆံမှုကင်းတဲ့ လူ့ဘောင်တရပ်ဖြစ်လာဖို့ အစပြုတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။”

ဒါ့အပြင် တဖက်မှာလည်း အကြမ်းဖက်စစ်ကောင်စီက အကြမ်းဖက်မှုတွေကို ပိုပိုပြီး တိုးမြှင့်လုပ်ဆောင်လာတာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုကင်းမဲ့ပြီး ထိခိုက်နစ်နာရတဲ့ အခြေအနေတွေကို ပိုပြီး ရင်ဆိုင်ကြရတာကြောင့် ဒါတွေကို ကာကွယ်ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“ကလေးငယ်တွေနဲ့ လူငယ်တွေဟာ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်တွေ ဖြစ်ကြပါတယ်။ အမျိုးသမီးတွေက အနာဂတ်ရဲ့မိခင်တွေ ဖြစ်ကြပါတယ်။ ဒီကနေ့ ဒီအချိန်မှာ သူတို့အတွက် လူမှုဘဝ လုံခြုံငြိမ်းချမ်းမှုကို ကျနော်တို့ တတ်နိုင်သမျှ ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ဆိုသော်ငြားလည်း အနာဂတ်အတွက် ကျနော်တို့ တတ်နိုင်သမျှ ပြင်ဆင်ကြရပါမယ်။ အထူးသဖြင့်တော့ ပညာရေး၊ ကျန်းမာရေးနဲ့ ကူညီကယ်ဆယ်ရေး ကိစ္စရပ်တွေကိုလည်း ချန်လှပ်မထားဘဲ တော်လှန်ရေးနဲ့ တပါတည်းဆိုသလို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ အကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့နေရာမှာ နည်းလမ်းပေါင်းစုံကို အသုံးပြုနေတာ အားလုံးအသိပါပဲ။ ကျေးရွာနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာတွေလည်း ရှိပါတယ်။ ဒီလို အကြမ်းဖက်မှုတွေအားလုံးကို ရနိုင်သမျှ မှတ်တမ်းတင်ထားနိုင်ဖို့ ပြုစုထားနိုင်ဖို့ လိုပါတယ်။ ထိခိုက်နစ်နာသူတွေအတွက် တရားမျှတမှု မဖြစ်မနေ ပြန်ယူပေးရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ပြည်သူ့အစိုးရတရပ်အနေနဲ့ တာဝန်ယူမှုရှိရှိနဲ့ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု တို့ကို အခြေခံပြီး ကိုင်တွယ်ဖြေရှင်းနိုင်ရမယ်လို့လည်း ဆိုပါတယ်။

“တော်လှန်ရေးနဲ့ပတ်သက်ပြီး လက်ရှိကာလမှာ ကျနော်တို့ အလေးထား လုပ်ဆောင်ရမှာတွေလည်း အများအပြားရှိပါတယ်။ ပျက်ပြယ်ပြီးဖြစ်တဲ့ NCA စာချုပ် ၈ နှစ်ပြည့် အခမ်းအနားကို ရန်သူစစ်ကောင်စီက လုပ်ဆောင်ဖို့ ကြံရွယ်နေတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါက သူတို့အတွက် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတွေကို ရနိုင်သမျှ ဖြေလျော့ဖို့ ကြိုးစားလာတာပါပဲ။ အဲဒီအတွက် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်တချို့ကို လှည့်စားဖို့ သိမ်းသွင်းဖို့ ကြိုးစားနေသလို တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြားက ညီညွတ်မှုနဲ့ စုစည်းမှုတွေကို သပ်လျှို သွေးထိုးတာတွေလည်း လုပ်ဆောင်မှာ အသေအချာပါပဲ။ ဒါကို ကျနော်တို့ အထူးဂရုပြုဖို့ လိုပါတယ်။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။

ဒါ့အပြင် ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော်ပမာဏဖြစ်တဲ့ အယောက်   ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013