Home
မြန်မာသတင်း
သရက်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများ ရိုက်နှက်နှိပ်စက်ခံနေရ
DVB
·
October 3, 2023

မကွေးတိုင်းရှိ သရက်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

တပွင့်နဲ့ထောင်အရာရှိ ကျော်ဇေယျာစိုးက ဦးဆောင်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ခေါ်ယူရိုက်နှက်နေတာလို့ ဆိုပါတယ်။

သရက်အကျဥ်းထောင်နဲ့ နီးစပ်သူတဦးက “တရက်ကဆို နိုင်ငံရေးအကျဥ်းသားတယောက်ကို သူက ခေါ်တာ။ အခေါ်ခံရသူက လုပ်လက်စအလုပ်တွေ မပြီးသေးလို့ အားချင်းမသွားနိုင်တော့ သူခေါ်တာ ချက်ချင်းမလာရကောင်းလားဆိုပြီး ထောင်ဝန်ထမ်းတွေကို ချုပ်ခိုင်းပြီး ပါးရိုက်၊ တံတောင်နဲ့ ရိုက်နှက်နှိပ်စက်တာ။ အဲဒီအကျဥ်းသား ထမင်း​တောင် မစားနိုင်ဘဲ အခု အိပ်ရာထဲ လဲနေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တခြားနိုင်ငံရေးအကျဥ်းသားတွေကိုလည်း မထင်ရင် မထင်သလို ခေါ်ယူ ရိုက်နှက်နေတာကြောင့် အကျဥ်းသားတွေ မခံမရပ်နိုင် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“ကြာလာရင် ပိုဆိုးလာမှာ။ အကျဥ်းသားတွေလည်း မခံနိုင်တော့ဘူး။ သူက အထက်ကခိုင်းလို့ရယ် မဟုတ်ဘဲ သူ့စိတ်သဘောနဲ့ကို နိုင်ငံရေးအကျဥ်းသားတွေကို စိတ်အခံနဲ့ နှိပ်စက်နေတာမျိုး လုပ်နေတာ” လို့ အထက်ပါသတင်းအရင်းအမြစ်က ပြောပါတယ်။

အဲဒီလို နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်နှိပ်စက်နေတဲ့အပေါ် ထောင်ပိုင်နဲ့ အထက်အရာရှိတွေက တားဆီးတာမရှိဘဲ လျစ်လျူရှုနေကြတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ သောင်းနဲ့ချီ စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်အတွင်းနှိပ်စက်ခံရမှုဖြစ်စဥ်တွေ မကြာခဏဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် ထောင်တွင်းနှိပ်စက်မှုတွေကြောင့် နိုင်ငံရေးအကျဥ်းသားတချို့ အသက်သေဆုံးခဲ့ရတဲ့အထိ ရှိခဲ့ပြီး စစ်ကောင်စီကတော့ အဲဒီသတင်းတွေကို ဖုံးဖိထားပါတယ်။

ထောင်ကျခံနေရတဲ့သူတွေအနေနဲ့ ကျန်းမာရေးအတွက် ဆေးကုသမှု အပြည့်အဝမရတာ၊ ​COVID-19 ကပ်ရောဂါကို အကြောင်းပြပြီး မိသားစုထောင်ဝင်စာ တွေ့ခွင့်မပေးတာ စတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ အောက်တိုဘာ ၂ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၅၁၉၈ ဦးရှိပြီး အဲဒီအထဲက ၁၉၆၁၅ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက်မှ ၇၆၁၆ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024