
ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်က ထောင်အာဏာပိုင်တချို့ဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ ခြိမ်းခြောက် ဖိအားပေးမှုတွေ လုပ်ခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ အမျိုးသမီးက DVB ကိုပြောပါတယ်။
အင်းစိန်အကျဉ်းထောင်ရဲ့ ဒုတိယထောင်ပိုင် မင်းဝင်းခိုင် (ခေါ်) ပြည့်ဖြိုးထွန်းနဲ့ ထောင်ပိုင်ဟောင်း ဇော်လင်းအောင် တို့ရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ခံစားခဲ့ရတဲ့ လူငယ်အမျိုးသမီးက သူရင်ဆိုင်ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပြောပြပါတယ်။
“အလုပ်ထွက်ထားတဲ့အချိန်မှာပဲ ဖြစ်တာမို့လို့ ကံကောင်းတယ်ပဲ ပြောရမလား မသိဘူးပေါ့နော်။ အလုပ်သွားရရင်တော့ ရူးသွားမလားမသိဘူး။ အဲဒီလိုလည်း တွေးမိတယ်။ ပြီးတော့ ဘာဆက်လုပ်ရမလဲတော့ သေချာတော့မသိဘူး။ ဝေဝေဝါးဝါးပဲ။ အကယ်၍သာ သူသာပြန်မစဘူးဆိုရင် အမှန်တိုင်းပြောရရင် ဒါတွေအကုန်လုံးက ညီမ သေတဲ့အထိ သယ်သွားဖို့ အတွေးရှိတယ်ပေါ့နော်။ ဘယ်သူ့မှလည်း မပြောဘူး။ ညီမ အရင်းနှီးဆုံး အတူတူနေ အတူတူအိပ်နေပါတယ်ဆိုတဲ့ ညီမရဲ့ ဝမ်းကွဲအစ်မကိုတောင် မပြောခဲ့ဘူးပေါ့နော်။ မပြောလည်း မပြောချင်ဘူးပေါ့။ နာတယ်ပေါ့၊ ပြောတိုင်း နာတယ်။ အဲဒါကြောင့် မပြောဘူး။ ဒါပေမဲ့ သူက ပြန်စလာတယ်၊ ခြိမ်းခြောက်တယ်၊ ညီမက ဂရုမစိုက်ဘူး၊ နင်တို့ ကြိုက်သလိုလုပ်ဆိုပြီး ခပ်တင်းတင်း နေပေမဲ့ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ ညီမကောင်လေးကို ငွေညှစ်တယ်၊ ညီမကောင်လေးရဲ့ ပို့စ်အောက်မှာ comment လာမန့်တယ်၊ အဲလိုမျိုးတွေလုပ်တယ်။”
၂၀၁၉ ခုနှစ်တုန်းက ပြည့်ဖြိုးထွန်းက အသက် ၁၈ နှစ်အရွယ် ဒီအမျိုးသမီးငယ်ကို စတင် ချဉ်းကပ် ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ သမီးရည်းစားဖြစ်ခဲ့ကာ နောက်ပိုင်းမှာ ပြည့်ဖြိုးထွန်းက တခြားသူတွေနဲ့အတူ အိပ်ခိုင်းတာတွေအပြင် ဆိုးဝါးတဲ့ လိင်ပိုင်းဆိုင်ရာ အခြေအနေတွေ၊ ဖိအားပေးတာတွေ လုပ်လာ ခဲ့တယ်လို့ သူက ပြောပြပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာတော့ အမျိုးသမီးရဲ့ တော်လှန်ရေးအစက ဆန္ဒပြပုံတွေ စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်မှာ တက်လာခဲ့တဲ့နောက်မှာ “ဒုက္ခမရောက်အောင် ကာကွယ်ပေးခဲ့တယ်” လို့ဆိုကာ ထောင်ပိုင် ဇော်လင်းအောင်နဲ့ အတူအိပ်ဖို့ ဖိအားပေးခဲ့တာလို့ ဆိုပါတယ်။
“ငါနဲ့မှ လာမအိပ်တာ၊ နင်က စကားနားမထောင်ဘူးလေ။ ငါနဲ့မအိပ်ချင်ဘူးဆို နောက်လကျရင် ငါ့သူငယ်ချင်းတယောက် လာမယ်၊ သူနဲ့သွားအိပ်လိုက်၊ အဲ့လို၊ အဓိက သူဆက်ဆံတဲ့ပုံစံက လက်ခုပ်ထဲက ရေလိုမျိုး ဆက်ဆံတာပေါ့နော်။ အဲလိုပုံစံမျိုး ဆက်ဆံတဲ့အချိန်မှာ ညီမအနေနဲ့ ကျတော့ ပုံမှန်ဆိုရင် ငိုမှာပေါ့နော်။ ညီမ အရင်တုန်းကလည်း ငိုခဲ့ဖူးတယ်ပေါ့နော်။ အဲ့လို ငိုတယ်၊ ဘာမှမစားနိုင် မသောက်နိုင်နဲ့ အဲ့လို ငိုတယ်ပေါ့။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ညီမ မခံစားနိုင်ဘူးပေါ့နော်။ ညီမ ဒီတခေါက် ထပ်ပြီးတော့ မပြောဘဲနဲ့ ထပ်သည်းခံလိုက်ရင် ပိုဆိုးသွားမယ်လို့လည်း ညီမထင်တယ်ပေါ့နော်။ ပြီးတော့ ညီမ တယောက်တည်းလို့လည်း ညီမ မထင်ဘူး။”
သမီးရည်းစားတုန်းက ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေကို အခုနှစ်ထဲမှာ အကောင့်အတုတွေနဲ့ “ကျပ် သိန်း ၈၀ မပေးရင် ညစ်ညမ်းရုပ်သံ တယ်လီဂရမ်ချန်နယ်တွေမှာ တင်မယ်” လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။
ခြိမ်းခြောက်ခံရသူ အမျိုးသမီးက ငွေမပေးတာကြောင့် ဗီဒီယိုတဖိုင်ကို တယ်လီဂရမ် ချန်နယ်တခုမှာ တင်ခဲ့ပြီး တခြားဖိုင်တွေ မတင်စေချင်ရင် ငွေ ဒါမှမဟုတ် တခြားသူတွေနဲ့ အတူနေဖို့ ထပ်မံ ဖိအား ပေးခဲ့တာ ဖြစ်ပါတယ်။
Sisters 2 sisters အဖွဲ့မှ မသဉ္ဇာရွန်းလဲ့ရည်က “ဒီလိုဖြစ်ရပ်တွေ ကြုံလာခဲ့တဲ့ ဘယ်ညီမမှ မဆို တယောက်တည်း မရင်ဆိုင်ပါနဲ့၊ ကျမတို့ အများကြီး အစုအဖွဲ့တွေ ရှိနေကြတယ်။ အထူးသဖြင့် ကိုယ့်ရပ်ရွာဒေသမှာရှိတဲ့ ဘယ်အမျိုးသမီးကိုမဆို ကိုယ်ယုံကြည်ရတဲ့သူကို ရင်ဖွင့်ပါ။ ပြီးရင် ဒီဖြစ်ရပ်တွေအပေါ်မှာ မှတ်တမ်းယူဖို့ ကြိုးစားပါပေါ့နော်။ မှတ်တမ်းမှတ်ရာ သက်သေသာဓကတွေ ခိုင်မာအောင် စုဆောင်းပါ။ နောက် Stop Online Harm လို အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားချင်တဲ့ လုပ်ရပ်တွေကိုလည်း ရပ်တန့်ဖို့အတွက် ကျမတို့ စုပေါင်းကြိုးစားနေကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကျူးလွန်သူတွေဟာ အာဏာရှိတဲ့သူတွေ ဖြစ်နေတာကြောင့် တရားဥပဒေစိုးမိုးမှု မရှိသေးတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ကျူးလွန်ခဲ့ရသူတွေအတွက် တရားမျှတမှု ရယူနိုင်ဖို့ကလည်း အခက်အခဲတခု ဖြစ်ပါတယ်။
ကျူးလွန်ခံရသူ အမျိုးသမီးတယောက်က “တော်တော်ဆိုးတယ်ပေါ့နော်။ ညအိပ်မပျော်ဘူး။ စစဖြစ်ချင်း ထမင်းလည်း စားမဝင်ဘူး။ ထမင်းတနပ် စားပြီးသွားရင် တနေကုန်လုံး အိပ်လို့လည်း မပျော်ဘူးလေ။ ကြောင်တောင်တောင်ကြီး ဖြစ်နေတာ။ နေလို့မကောင်းဘူး။ မကျေနပ်ဘူးပေါ့၊ ငါ့ကို ဘာလို့လုပ်တာလဲပေါ့။ ဖြစ်နိုင်ရင်တော့ တရားဥဒေစိုးမိုးတယ်ဆိုရင်တော့ ချက်ချင်းပြန်ပြီး မြန်မာမှာ တရားတောင် တက်စွဲချင်တယ်” လို့ ပြောပါတယ်။
တရားမျှတမှု မရနိုင်သေးရင်တောင် ကျူးလွန်သူတွေဟာ တခြားအမျိုးသမီးတွေအပေါ်မှာ ပုံစံတူ ကျူးလွန်မှုတွေ ဆက်ပြီး ထပ်မလုပ်နိုင်အောင် အခုလိုအကြောင်းအရာတွေကို လူသိထင်ရှား ထုတ်ဖော် ပြောဆိုရတာ ဖြစ်တယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီးက ပြောပြပါတယ်။
ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ တရားမျှတမှုရဖို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေဘဲ သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ဆက်သွယ် အကူအညီ တောင်းခံဖို့ Sisters 2 sisters အဖွဲ့မှ မသဉ္ဇာရွန်းလဲ့ရည်က တိုက်တွန်း ပါတယ်။
“ကိုယ့်တရားမျှတမှု ကိုယ်ရှာဖွေဖို့အတွက်ဆိုရင် ကျမတို့ အခြေခံ လုပ်လို့ရတာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးသွားအောင်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ခြင်း နံပါတ်တစ် စရမှာ ဖြစ်ပါတယ်။ ကျူးလွန်သူကသာ အရှက်ရရမှာ ဖြစ်ပါတယ်။ အာဏာရှိတဲ့သူ၊ အရှိန်အဝါရှိတဲ့သူ ဘယ်သူမဆို ဒီဖြစ်ရပ်တွေကို ထုတ်ဖော်ပြောဆိုခြင်းနဲ့ ကျမတို့က ရင်ဆိုင်နိုင်ပါတယ်။ ကိုယ်နဲ့ ရင်းနှီးခင်မင်တဲ့သူတွေကို ထုတ်ဖော်ပြောဆိုပါ။ အဲဒီကတဆင့် ဘယ်လိုနည်းနဲ့ ဆောင်ရွက်မလဲဆိုတဲ့ အဖြေရှာတဲ့ဟာကို အတူတကွ ကျန်တဲ့သူတွေနဲ့အတူ အဖြေရှာနိုင်တယ်ပေါ့နော်။ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်နေတဲ့ အင်အားစုတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေကို ချဉ်းကပ်ပြီးတော့ အကြံဉာဏ်တောင်းပါ အကူအညီတောင်းပါ။”
ဝေဝေ










