Home
မြန်မာသတင်း
စဉ့်ကူး၊ ဒီပဲယင်းနှင့် ညောင်လေးပင်မြို့နယ်တို့မှ နေအိမ်များကို စစ်တပ်က မီးရှို့ ၊ ပြည်သူ ၁ ဦးအား သတ်ဖြတ်
DVB
·
October 3, 2023
fire3102023

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ စဉ့်အိုးကျွန်းရွာကို ရွာသာရွာက ပျူစောထီးတွေနဲ့ စစ်ကောာင်စီတပ်က အောက်တိုဘာ ၂ ရက်‌ မနက် ၉ နာရီခွဲလောက်မှာ အကြောင်းမဲ့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “ရွာကိုမီးရှို့တာက မနက်ခင်းက ရှို့သွားတာဗျ။ မြေပြင်မှာ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ အကြောင်းမဲ့ လာရှို့တာလို့ပဲ ပြောရမယ်။ ရွာဘက်ကို စစ်ကြောင်းလာပြီဆိုတာနဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဝက်လက်မြို့နယ်ဘက်ခြမ်းကို ရွာသားတွေ အကုန်ထွက်ပြေးရတယ်။ အခုထိ ရွာကို မပြန်ရဲသေးဘူး။ စစ်ကောင်စီစစ်ကြောင်းကတော့ ရွာကိုမီးရှို့ပြီး ရွာသာရွာကို ပြန်သွားကြပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စဉ့်အိုးကျွန်းရွာကို မီးရှို့ပြီး ဒေသခံတွေရဲ့ ဆန်၊ ဆီ၊ အဖိုးတန်ပစ္စည်းတွေ၊ ပရိဘောဂတွေနဲ့ နွားအကောင်ရေ ၂၀ ကိုပါ ဧရာဝတီမြစ်အတွင်းကနေ စက်လှေနှစ်စီးနဲ့ သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင်က “ရွာကိုမီးရှို့ပြီး သူတို့ ယူစရာရှိတာယူပြီး အပြေးပြန်ဆုတ်သွားကြတာ။ မီးကတော့ အိမ် ၁၅ လုံးလောက် မီးလောင်ဆုံးရှုံးတယ်။ ဒေသခံ အဖမ်းဆီးတော့မရှိဘူး။ သူတို့လိုချင်တာတွေ ယူပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဲရွာက ပြည်သူပိုင်စက်လှေနှစ်စီးပေါ် တင်ပြီး သူတို့စခန်းကို သူတို့ ပြန်ဝင်သွားကြတယ်။ ကျနော်တို့မြို့နယ်ဘက် ရောက်လာတဲ့ စစ်ဘေးရှောင်တွေကိုတော့ ကူညီမှုတွေ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ စဉ့်အိုးကျွန်းကျေးရွာဟာ စစ်ကောင်စီစခန်းချရာ ပျူကျေးရွာလည်းဖြစ်တဲ့ ရွာသာရွာနဲ့ တမိုင်ခန့်သာကွာဝေးပြီး ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့ ရွာ‌‌တရွာလည်း ဖြစ်ပါတယ်။

ဒေသခံတွေကတော့ ကိုင်းကျွန်းလုပ်ငန်းနဲ့ ရေလုပ်ငန်းကို အဓိက လုပ်‌ကိုင်စားသောက်ကြတာ လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကလည်း အောက်တိုဘာ ၂ ရက် မနက် ၇ နာရီလောက်မှာ နဘဲလှကျေးရွာထဲကို ဝင်ရောက်ကာ အမျိုးသား ၁ ဦးအား သတ်ဖြတ်ပြီး ခြေထောက်မသန်တဲ့ အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

နဘဲလှကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ပုဂံကျေးရွာကိုလည်း ဝင်ရောက်မီးရှို့နေတယ်လို့ ဆိုပါတယ်။

"နေအိမ်သုံးလုံးလို့ ကြားတယ်၊ ထော်လာဂျီနဲ့ကားတွေ ရှို့နေတယ်လည်း ပြောတယ်၊ သီးခြားအတည်မပြုနိုင်သေးပါဘူး၊ သူတို့က တိမ်းရှောင်နေတာ၊ ဒီဘက်ကို ပြန်မလာဘူးထင်ပြီး ရွာကိုပြန်ဝင်ပုံရတယ်။ စစ်ကြောင်းလာတာ မသိတော့ အဖမ်းခံရပြီး ငရုတ်ခင်းထဲမှာ သတ်ခံထားရတာ" လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်က ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်း မြေပြင်မှာပဲ ရှိနေသေးတာကြောင့် အသတ်ခံရပုံအသေးစိတ်နဲ့ နေအိမ်မီးလောင်ပျက်စီးမှုအခြေနေကို အတည်မပြုနိုင်သေးပါဘူး။

ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၃၀ ရက်နေ့ညနေက တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က Mi 35 နဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ​ကျေးရွာ ၁၅ ရွာက ပြည်သူထောင်ချီ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းရွာရှိ ပုဇွန်မြောင်းအောင်ချမ်းသာရပ်ကွက်မှ နေအိမ်တွေကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂ ရက် ညနေဘက်ကတည်းက မီးစတင်ရှို့နေတာဖြစ်ပြီး အိမ်ခြေအရေအတွက်ကတော့ မသိရသေးဘဲ ရွာကတော့ အတော်ပျက်စီးသွားပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

"တော်လှန်ရေး ရဲဘော်တွေရဲ့အိမ်တွေက မရှိတော့ပါဘူး။ ၂၀၂၂ ကတည်းက အိမ်ခြေ ၁၅၀ လောက် မီးရှို့ပြီးပါပြီ၊ အိမ်ကြီးအိမ်ကောင်းတွေကြီးပါ။ ခုထပ်ရှို့တာက ဆွဲဒလွဲပိုင်းကနေ အိမ်တွေနဲ့ အရှေ့ပိုင်းက အိမ်တွေပါ၊ အလုံးရေတော့ မသိသေးပါဘူး။ စကစ ဘက်က သေသွားတဲ့ သူတို့အလောင်းတွေကို ပြန်မသယ်ဘဲ အိမ်တွေနဲ့အတူရှို့တာပါ” လို့ ပုဇွန်မြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တာဝန်ရှိသူတယောက်က ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ နေ့စဥ်လိုလိုဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024