DVB Logo
Home
မြန်မာသတင်း
ဒေါ့ဖုန်းယန်နှင့် ဆားလင်းကြီး စစ်ရှောင်ပြည်သူများ အရေးပေါ် ဆန်နှင့်ဆေးဝါးများ လိုအပ်နေ
DVB
·
October 2, 2023
ဒေါ့ဖုန်းယန်နှင့် ဆားလင်းကြီး စစ်ရှောင်ပြည်သူများ အရေးပေါ် ဆန်နှင့်ဆေးဝါးများ လိုအပ်နေ
1 / 8
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မှာ တိုက်ပွဲရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေ အရေးပေါ် ဆန်နဲ့ ဆေးဝါးပစ္စည်း လိုအပ်နေတယ်လို့  သိရပါတယ်။

ကူညီပေးနေတဲ့ ဒေသခံတဦးက “ပထမ အရေးပေါ်လိုအပ်တာ စားနပ်ရိက္ခာပေါ့။ ဒုတိယကတော့ ဆေးဝါးတွေပါ” လို့ ပြောပါတယ်။

ဒိန်ဂါ၊ ခလား၊ နောင်ဝမ့်၊ တိန်းဂျန့်၊ ဘန်ကောင်းမှူး စတဲ့ ရွာတွေက ပြည်သူ ၁၄၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စတင်တိမ်းရှောင်လာချိန်က နိုင်သလောက် သယ်လာတဲ့ စားနပ်ရိက္ခာတွေက ၂ လကျော်လာပြီ ဖြစ်တာကြောင့် စားစရာ အရေးပေါ် လိုအပ်လာတယ်လို့ ဖွန်လွမ်ယန် စစ်ရှောင်စခန်းနေ အမျိုးသမီးတဦးက ပြောပါတယ်။

“တလောက အဲဒီ အောက်ဘက် စစ်ရှောင်ကလူတွေ ဆန်ပြုတ်ပဲ ပြုတ်စားနေရတော့ ကျမတို့ စစ်ရှောင်စခန်းက ဆန်ပြန်ချေးပေးရတယ်။ NGO တွေ ပြန်ဆပ်ပေးတယ်။ စစ်ရှောင် အချင်းချင်း ပြန်ကူနေရတာ။”

ဆန်မလောက်တော့တာကြောင့် တချို့က ပြောင်းဖူးစေ့တွေနဲ့ ရောချက်စားနေကြသလို တချို့က ဆန်ပြုတ် ပြုတ်စားနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ့ဖုန်းယန်နားရှိ ၁၄၂ စစ်တပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်တာကြောင့် စစ်ရှောင်ပြည်သူတွေက ထိတ်လန့်နေကြတယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

“အသက်ကြီးပိုင်းတွေ ကြောက်လန့်တာတွေ ရှိနေတယ်။ ဆေးဝါးတွေက လိုတာပေါ့။ အသက်ကြီးပိုင်းတွေလည်း ပါတယ်ဆိုတော့ တချို့က နှလုံးရောဂါ ခံစားနေရတဲ့သူတွေလည်း ရှိတယ်။” 

ရှောင်တိမ်းလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရာ မလုံလောက်တာကြောင့် KBC Church ၊ RCM Church ၊ ဒိန်ဂါဘော်ဒါ၊ ဒေါ့ဖုန်းယန် ဘော်ဒါဆောင်နဲ့ ရွာထဲက မိသားစုနည်းပြီး နေရာလွတ်တဲ့ အိမ်တွေမှာ မျှနေကြရတယ်လို့ သူက ပြောပါတယ်။

အဲဒီ စစ်ရှောင်ပြည်သူတွေကတော့ အရင်က တရုတ်နယ်စပ် ဂျဲယန်ဘက်၊ ဖွန်လွမ်ယန်ဘက်၊ ဗန်းမော် စတဲ့ စစ်ရှောင်စခန်းကြီးတွေမှာ နေခဲ့ကြပြီး ကိုယ့်နေရပ်ကို ပြန်လာကြတာ သိပ်မကြာသေးဘူးလို့ ဆိုပါတယ်။

စစ်ရှောင်တဦးက “ဒီလို ရွာတွေမှာ စစ်ကောင်စီတွေ စခန်းချနေထိုင်သွားတယ်။ ဒိန်ဂါ၊ ခါ့လားဘက်တော့ လုံးဝ သွားလို့ မရတော့ဘူး။ ... ကျနော်တို့ ဆန်၊ စပါး တွေလည်း ရွာမှာ ရှိနေပေမယ့် ပြန်သွားယူလို့ မရတော့တာတွေ ရှိတော့ အဓိက အရေးပေါ်လိုအပ်တာကတော့ ဆန်နဲ့ စားစရာပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ သွားလာရ ခက်ခဲသွားတာကြောင့် နေစားသွားလုပ်ဖို့လည်း မဖြစ်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။

စစ်ကြောင်းတွေရောက်လာရင် နေအိမ်တွေမှာ သော့ခတ်ထားပေမယ့် သော့တွေဖျက်ပြီး မွှေနှောက် စားသောက်သွားကာ လိုချင်တာတွေ ယူသွားကြတယ်လို့ သူက ရှင်းပြပါတယ်။

ဒိန်ဂါရွာက မြစ်ကြီးနား - ဗန်းမော် လမ်းမပေါ်မှာရှိတာကြောင့် စစ်‌တပ်က စစ်ကြောင်းတွေ နမ်ဆန်ယန်ဘက် ထိုးလာရင် ဒိန်ဂါ၊ ခါ့လား မှာ စစ်တပ်က လုံခြုံရေး လာယူယူနေလို့ ရွာခံတွေ နေမရတော့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဗန်းမော် - နမ်ဆန်ယန် လမ်းကြောင်းကနေ အဆက်မပြတ် အင်အားဖြည့် စစ်ကြောင်းထိုးနေတာကြောင့် နေ့တိုင်းနီးပါး စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲကြုံနေကြရပြီး အကူအညီ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းလောက်က စတင်ကာ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ရှောင်ခဲ့ရတာဖြစ်ပြီး ၄ လကျော်ကြာမြင့်ခဲ့ပြီဖြစ်လို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။

အညာပစ်တိုင်းထောင်လေးများအဖွဲ့တာဝန်ရှိသူတဦး “စစ်ရှောင်က ၁ဝဝဝ ကျော်လောက် ရှိတယ်ဗျ၊ အဓိကလိုအပ်နေတာက ရိက္ခာပါ။ ကိုယ့်ဟာကို ချက်စားနေကြတာမို့လို့ ဆန်၊ ဆီပေါ့။ ဆီဆိုရင်မုံ ရွာမြို့ပေါ်ကနေ တန်းစီပြီးဝယ်ရတာဗျ၊ ဆားလင်းကြီးမြို့ မြောက်ဘက်ခြမ်းတွေမှာ ရှောင်နေရတာပါ။ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ တချို့က ရပ်ဆွေရပ်မျိုးတွေ၊ တချို့တွေလည်း အိမ်ငှားနေကြရပါတယ်။ ကူညီပေးနေကြတာကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ သပိတ်အဖွဲ့၊ အများဆုံးကတော့ ကိုယ်ထူကိုယ်ထအဖွဲ့တွေ” လို့ ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ မိုးရာသီဖြစ်တာကြောင့် ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး အဓိကလိုအပ်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစားနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲမှာ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၈၁၃,၂၀၀ အထိရှိလာပြီလို့ သိရပါတယ်။

ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013