DVB Logo
Home
မြန်မာသတင်း
ခရိုနီနှင့် စစ်တပ်ပိုင်ဟိုတယ်များ၌  မတည်းခိုရန် အင်းလေးလူထု တောင်းဆို 
DVB
·
October 2, 2023
ခရိုနီနှင့် စစ်တပ်ပိုင်ဟိုတယ်များ၌  မတည်းခိုရန် အင်းလေးလူထု တောင်းဆို 
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဘုရားပွဲနဲ့ ဒေသစာရီ လှည့်လည်ပူဇော်ခံပွဲကို လာရောက်တဲ့ ဧည့်သည်တွေအနေနဲ့ စစ်ကောင်စီထောက်တိုင် ခရိုနီဟိုတယ်တွေမှာ မတည်းခိုကြဖို့ ကမ်ပိန်းပြုလုပ်ပြီး အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က တောင်းဆိုလိုက်ပါတယ်။  

စက်တင်ဘာ ၂၈ ရက် ကစတင်ပြီး ဒီကနေ့အထိ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့နဲ့အတူ ဒေသခံတွေက စုပေါင်းပြီး  တောင်းဆိုနေကြတာပါ။

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ကိုဗစ်-၁၉ ကပ်ဘေး ကာလကစတင်ပြီး  ရပ်ဆိုင်းထားခဲ့ရာက စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် အောက်တိုဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ ၁၇ ရက်ကြာ  ပြုလုပ်ပြီး ၂၁ ဌာနကို ဒေသစာရီကြွချီမှာ ဖြစ်ပါတယ်။  

အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ တာဝန်ရှိသူက "ဒီပွဲဟာ စစ်တပ်က  ဦးဆောင်ပြုလုပ်တဲ့ပွဲ ဖြစ်ပြီးတော့ ဘုရားပွဲကိုလာတဲ့ ဧည့်သည်တွေတည်းခိုမယ့် ဟိုတယ်ခတွေက စစ်တပ်မိသားစုနဲ့ စစ်တပ်ထောက်ခံတဲ့ ဟိုတယ်တွေကတဆင့် ကျည်ဆန်​တွေ၊ လက်နက်တွေဆီဝင်မယ့် ငွေတွေဖြစ်တယ်။ ဒီပွဲဟာလည်း လူမျိုးအချင်းချင်းကြား၊ ဘာသာအချင်းချင်းကြား သွေးခွဲတဲ့ပွဲမျိုးဖြစ်တယ်"လို့ ပြောပါတယ်။

ဒါအပြင် တခြားဒေသတွေမှာ လူတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်နေတာကို  အင်းလေးဒေသမှာ အေးချမ်းသယောင် နိုင်ငံတကာကို  လိမ်လည်လှည့်စားမှုမျိုး ပြုလုပ်နေတာလို့လည်း ပြောပါတယ်။  

စစ်ကောင်စီတပ်က ဘုရားပွဲကို အဓိကဦးဆောင်ကာ ပြုလုပ်သွားမှာဖြစ်ပြီး အင်းလေးဒေသအနီးက ပြည်သူတွေကို   မတက်မနေရ စည်းကမ်းထုတ်ထားတဲ့အပြင် ကျေးရွာတချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးနဲ့ PNO တွေပူးပေါင်းပြီး အိမ်ထောင်စုလိုက် ငွေကြေးကောက်ခံနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီပြုလုပ်တဲ့ပွဲဟာ ဘာသာရေးပွဲဖြစ်တာကြောင့် တားဆီးလို့မရပေမဲ့ စစ်တပ်ပိုင်ဟိုတယ်နဲ့ စစ်တပ်ထောက်ခံတဲ့ဟိုတယ်တွေဆိုတာ ပြည်သူတွေသိအောင်  ချပြရတာလို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) က တာဝန်ရှိသူက ပြောပါတယ်။  

"ဘာသာရေးပွဲဖြစ်တဲ့အတွက် ကျနော်တို့က တားဆီးလို့မရဘူး။ ဘယ်ဟိုတယ်တွေက စစ်ကောင်စီတပ်ပိုင်လဲ စစ်ကောင်စီကိုထောက်ခံလဲဆိုတာ  လူတော်တော်များများမသိသေးတော့ သိအောင်ချပြတာ။ ဒီဟိုတယ်တွေက တနေ့မှာ ပြည်သူလူထုပိုင်ဖြစ်ရမယ်ဆိုတာကို အခုကတည်းက သိထားရအောင်။”

ဒါ့အပြင် ရှမ်းကယားနယ်စပ် ဖယ်ခုံမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေချိန် ရှမ်းပြည်နယ်ဘက်မှာ  ဘာသာရေးကိုအသုံးချပြီး လူစည်းကားအောင် စစ်ကောင်စီက ပြုလုပ်နေပါတယ်။  

စစ်ကောင်စီထောက်တိုင် ခရိုဟိုတယ်တွေထဲမှာ ခရိုနီ ဦးတေဇပိုင်ဆိုင်တဲ့ Aureum Palace ဟိုတယ် အပါအဝင် Anata Inlay, Paramount Inle Resort, Hotel Amazing, Amazing Innlay, KMA INLE Hotel, Royal Nyaung Shwe, Shwe Inn Tha, Ann Heritage Lodge, Ostello Bello, Myanmar Treasure, GIC - Nampan, GIC - Thale U, B2 Hotel,  Myat Minglar, Inle Garden Hotelစတဲ့ ဟိုတယ် ၁၇ ခုကို သွားရောက်တည်းခိုတာတွေ မပြုဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013