DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းထောက်ပံ့ကြေးကြောင့် ကုန်ဈေးနှုန်း ထပ်တက်မည်ကို ပြည်သူများ စိုးရိမ်
DVB
·
October 1, 2023
ဝန်ထမ်းထောက်ပံ့ကြေးကြောင့် ကုန်ဈေးနှုန်း ထပ်တက်မည်ကို ပြည်သူများ စိုးရိမ်
Donate to DVB

စစ်ကောင်စီဝန်ထမ်းတွေနဲ့ စစ်သားတွေကို တလမှာ ကျပ် ၃ သောင်းအထိ ထောက်ပံ့ကြေးပေးမယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီပိုင်သတင်းဌာနက ပြောကြားခဲ့ပြီး ပြည်တွင်းအထွေထွေကုန်ဈေးနှုန်း ထပ်တက်လာမှာကို ပြည်သူတွေ စိုးရိမ်နေပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ထမ်းသက်သာ ချောင်ချိရေး အတွက် စရိတ်တွေကို တိုးမြှင့်ပေးမယ်လို့ ပြောကြားခဲ့အပြီးမှာ ထောက်ပံ့ကြေး တိုးပေးမယ့်ကိစ္စ ကြေညာချက်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလက စစ်ကောင်စီဝန်ထမ်းတွေ လစာတိုးပေးမယ့် ကောလာဟလ ထွက်အပြီးမှာလည်း ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို ခံစားခဲ့ရတယ်လို့ ရန်ကုန်မြို့ရှိ အိမ်ရှင်မတဦးက ပြောပါတယ်။

“နေ့ခင်းက မြန်မာ့အသံမှာ ကြေညာသွားတာ တွေ့လိုက်တယ်။ တနေ့ တထောင်နှုန်းနဲ့ တလ ၃ သောင်း ထပ်တိုးမယ်လို့ တွေ့တယ်။ သင်္ကြန်‌လောက်ကလည်း ၁ ခါ လစာတိုးမယ်လို့ ဖြစ်သွားလိုက်သေးတယ်။ လစာတိုး မတိုးတော့ မသိဘူး၊ ကော်ဖီမစ် ၁ ထုပ် ၁၅၀ ကနေ ၂၀၀၊ ၃၀၀ လောက်အထိ တက်သွားတယ်။ ပေါ်ကျွဲဆန်တောင် တအိတ် ၆ သောင်းလောက်ကနေ ၉ သောင်း၊ ၁ သိန်းနီးပါးလောက် ရှိသွားပြီ။ ကုန်ဈေးနှုန်းထပ်ပြီး တက်လို့ကတော့ ဈေးတခါသွား တနေ့ကို ၁ သောင်းတန် တရွက်မှ မကုန်ရင် အိမ်ပြန်မရောက်ဘူး” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ ဆန်စပါးဈေးနှုန်း ကြီးမြင့်လာတာကြောင့် ဆန်ကြမ်းနဲ့ ဆန်ကွဲရောစားရတဲ့ ပြည်သူတွေရှိလာနေပြီး ကျပ်ငွေတန်ဖိုးကျဆင်းတာကြောင့် နိုင်ငံခြားအဓိကသွင်းကုန်တွေဖြစ်တဲ့ ဆေးဝါး၊ စားသုံးဆီ၊ အသုံးအဆောင်တွေပါ ပိုမိုကြီးမြင့်နေပါတယ်။

လက်ရှိပြည်တွင်းဆန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်း တအိတ်ကို ၁၄၅,၀၀၀ ကျပ်၊ ပေါ်ကျွဲဆန်တအိတ်ကို ပြင်ပဈေး ၁၁၀,၀၀၀ ကျပ်၊ စားသုံးဆီ အသင်းရောင်းဈေး ၅,၂၀၀ ကျပ် ပြင်ပပေါက်ဈေး ၇,၀၀၀ ကျပ်အထိ ဖြစ်‌ပေါ်နေပါတယ်။

နိုင်ငံတကာပိတ်ဆို့မှုခံနေရတဲ့ စစ်အစိုးရဟာ ပြည်တွင်းသုံးငွေစက္ကူတွေကို လိုသလောက်ရိုက်နှိပ်ကာ လစာတိုးမြှင့်ပေးမှာကြောင့် ငွေကြေးတန်ဖိုးကျဆင်းတာနဲ့ ပြည်တွင်းကုန်ဈေးနှုန်းကြီးတာတွေက ပိုမိုတွေ့ကြုံရလာနိုင်တယ်လို့ မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတယောက်က ဆိုပါတယ်။

“စစ်ကောင်စီက သူတို့ဝန်ထမ်း ၁ ဦးချင်းစီကို ၃ သောင်းစီ ထောက်ပံ့ပေးမယ်ဆိုရင် ဥပမာ - ဝန်ထမ်း ၁ သန်းရှိရင် ကျပ်သန်းပေါင်း ၃ သောင်းလောက်ကို လတိုင်း ထပ်တိုးပေးရမှာ။ အဲဒီအတွက် လိုအပ်တဲ့ဘက်ဂျက်ကို နိုင်ငံရဲ့ ပြည်တွင်းပြည်ပက ရတဲ့အခွန်ကနေပဲ လုံလောက်မယ်ဆိုတာ ယုံနိုင်ဖို့မရှိဘူး။ စစ်ဖြစ်နေတဲ့ဒေသတွေမှာဆို သူတို့ အခွန်မပြောနဲ့ အုပ်ချုပ်ရေးယန္တရားတောင် သေချာမရှိတော့ဘူး။ လိုတဲ့ဘက်ဂျက်ကို လက်ရှိသုံးနေတဲ့ ငွေစက္ကူပေါ်မှာပဲ ထပ်ရိုက်မယ်၊ ထပ်ထုတ်မယ် ဒီလိုပဲ လုပ်ကြမှာပဲ။ လစာတိုးပေးတာကို သူတို့ဘာသာ ထောက်ပံ့ငွေပဲ ပြောပြော အရင်အစိုးရတွေတုန်းကလည်း လစာ တိုးပေးတာနဲ့ ကုန်ဈေးနှုန်းက တက်တာပဲ။ အခု စစ်ကောင်စီလက်ထက်မှာ ပိုဆိုးတာက ပို့ကုန်နည်းပြီး သွင်းကုန်များလို့လည်း တက်ပြီး ပြန်ကျဖို့မလွယ်တော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဝန်ထမ်းတွေကို လစာမတိုးပေးခင် ဇူလိုင် ၃၁ ရက်နေ့က "ရဋ္ဌနန္ဒက"ဆင်ရုပ်၊ စစ်ကိုင်းတံတားနဲ့ (ရတနာပုံ)ဧရာဝတီတံတားပုံတို့ပါရှိတဲ့ အစိမ်းနုရောင် ကျပ် ၂ သောင်းတန် ငွေစက္ကူတွေကို စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013