
တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပွဲတော်မှာ အိမ်ရှင် တရုတ်တင်းနစ်မယ် ကျန်ရှင်းဝမ်က တနိုင်ငံတည်းသူ ဇူလင်းကို အနိုင်ယူကာ အမျိုးသမီး တဦးချင်း တင်းနစ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လာခဲ့ပါတယ်။
စက်တင်ဘာ ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဖိုင်နယ်ပွဲစဉ်မှာ တရုတ်နိုင်ငံသူတွေသာ လွှမ်းမိုးနိုင်ခဲ့တဲ့အပြင် အိမ်ရှင်နိုင်ငံအတွက် နောက်ထပ်ရွှေတံဆိပ်ဆု ထပ်ပေါင်းထည့်နိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ကျန်းက ၆-၂၊ ၆-၄ ရလဒ်နဲ့ အတူ နှစ်ပွဲဆက် အနိုင်ရရှိခဲ့တာပါ။
ဒီပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသူ အလက်ခ်ဇန်းဒရား အီရာလာနဲ့ ဂျပန်နိုင်ငံသူ ကာဂျီ ဟာရူကာတို့ကတော့ ကြေးတံဆိပ်ဆု ၁ ခုစီ အသီးသီးရယူ နိုင်ခဲ့ပါတယ်။
ဒါ့အပြင် တရက်တည်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ မီတာ-၅၀ လိပ်ပြာရေကူးပြိုင်ပွဲမှာလည်း တရုတ်နိုင်ငံသူ ကျန်း ယူဖေးက အနိုင်ရရှိကာ ဒီပွဲတော်ရဲ့ ၆ ခုမြောက် ရွှေတံဆိပ် ဆုကို ရယူပေးခဲ့ပါတယ်။
ဒါဟာ အာရှတိုက်အတွက် ကြီးကျယ်ခမ်းနားတဲ့ အားကစားပြိုင်ပွဲတစ်ခု ဖြစ်သလို အမျိုးသမီး အားကစားသမား တယောက် အနေနဲ့လည်း အမြင့်ဆုံးအောင်မြင်မှု ဖြစ်ပါတယ်။
ဒီရေကူး ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့မှာ ၂၅ဒသမ ၁၀ စက္ကန့်နဲ့အတူ အသက် ၂၅ နှစ်အရွယ် ကျန်း က စံချိန်သစ်တင်နိုင်ခဲ့တာပါ။ ဒီပွဲတော်အတွင်း ရရှိခဲ့တဲ့ ကျန်းရဲ့ ရွှေတံဆိပ်ဆု ၆ ခုစလုံးဟာ စံချိန်တင်နိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Source/Photo-Reuters










