အီတလီနိုင်ငံရဲ့ လမ်ပီဒူဆာကျွန်းကနေ ပေါ်တိုအမ်ပတ်ဒိုကလေမြို့ငယ်လေး ကို ထွက်ခွာလာခဲ့တဲ့ ကူးတို့သင်္ဘောတစီးပေါ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာ ၃၀ ရက်မှာ ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုပါတယ်။
အဲ့ဒီသင်္ဘောပေါ်မှာ လိုက်ပါစီးနင်းလာခဲ့တဲ့ သင်္ဘောသား ၂၇ ဦး အပါအဝင် ခရီးသည်ပေါင်း ၁၇၇ ဦးကို တပ်ဖွဲ့ဝင်တွေက ကယ်တင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လမ်ပီဒူဆာကျွန်းက လွှဲပြောင်းပေးလိုက်တဲ့ ရွှေ့ပြောင်းအခြေချသူ ၈၃ ဦးကိုပါ ကူးတို့သင်္ဘောပေါ်မှာ တင်ဆောင်လာတာ ဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကူးတို့သင်္ဘောရဲ့ အင်ဂျင်ခန်းအတွင်း မီးလောင်ကျွမ်းခဲ့ရာမှာ တပ်ဖွဲ့ဝင်တွေက မီးသင့်ခဲ့တဲ့ အပိုင်းတွေကို မီးသတ်ပိုက်နဲ့ ပြန်အေးလာအောင် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ကျွန်းဘက်ပြန်သွားသူ ၃ ဦးကလွဲရင် ခရီးသည်အားလုံးကို "ဒီချော့တီ" ကမ်းခြေစောင့် သင်္ဘောပေါ်အထိ ပို့ဆောင်ပေးခဲ့ပြီး မြို့လေးငယ်ဆီ ဆက်လက်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters