DVB Logo
Home
Lead Story
လူသားဆန်ခြင်း
DVB
·
September 30, 2023
လူသားဆန်ခြင်း
Donate to DVB

ဘယ်သူသေသေ၊ ငတေမာပြီးရော

ထိုသဘောကား၊ ဆိုးကျိုးများစေ

လူသားမဆန်‌ပါ‌ပေတကား။ ။

လူဟူသည် အသိဉာဏ်ရှိသော သတ္တဝါဖြစ်သည်။ လူသားများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးစံများရှိသည်။ ကမ္ဘာတွင် မြန်မာသည် ထူးခြားသော အလှူဒါနနှင့် ပရဟိတ ဓလေ့ထုံးစံများ အမြစ်တွယ်လျက်ရှိသည်။ ဘာသာတရား၏ အဆုံးအမများနှင့်အညီ မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ ကြောက်ခြင်းများဖြင့် သူတော်ကောင်းတရားများသည် သိမြင်ပျံ့နှံ့လျက် ရှိပါသည်။ သို့သော် လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွင် သူတော်ကောင်းတရား သိမြင်နားလည် လက်တွေ့ကျင့်သုံးသော လူသားဆန်သော လူသားများ မြောက်မြားစွာ လိုအပ်နေပါသည်။

ခေတ်ပျက်ကာလ အခိုက်အတန့်တွင် မြန်မာများသည် များစွာ လူသားဆန်သင့်ကြပေသည်။ မိမိနှင့် ထိုက်တန်သော အခွင့်အရေး၊ ရပိုင်ခွင့်များဖြင့်သာ သမာသမတ်ကျစွာ မျှမျှတတ နေထိုင် စားသောက်သင့်ကြပါသည်။ မြန်မာဟုတ်လျှင် တခါတော့ လုပ်ပေးကြရပါမည်။ အိမ်နီးချင်းနိုင်ငံများတွင် ဈေးနှုန်းမြင့်မားသော အိုင်ဖုန်းကို တန်းစီစောင့်ဆိုင်း ဝယ်နေကြချိန်တွင် မြန်မာနိုင်ငံ၌ အရည်အသွေး မပြည့်မီသော စားသုံးဆီကို တိုးဝှေ့ ပြေးလွှား ဝယ်ယူနေကြသော်လည်း မရဘဲ ပြန်ကြသည်ကိုကြည့်လျှင် မြန်မာများသည် ပို၍ လူသားဆန်သင့်ကြရန် အကြောင်းပြချက် လုံလောက်ပြီဖြစ်သည်။ တချိန်က အီသီယိုးပီးယားဟု လှောင်ပြောင်ခဲ့သည်များကို ပြန်ပြောင်း သတိရစရာပင်။ တရားရဖွယ်ပါတကား။

မည်သို့ လူသားဆန်ကြမည်နည်း။ ကြီးကျယ်စွာ စဉ်းစားနေရန်မလိုဘဲ အသေးအဖွဲ ကလေးကအစ လူသားဆန်ကြရပေမည်။ မိမိ၏အပြုအမူ လုပ်ရပ်တခုသည် သူတပါးအား မည်သို့မျှ မထိခိုက်စေရန် အထူးတလည် ဂရုပြုကြရပေမည်။ မိမိ၏ ပြုမူလုပ်ဆောင်ချက် တခုသည် အနည်းဆုံးအနေဖြင့် သူတပါးအား ထမင်းတဆုပ်၊ ရေတမှုတ် (သို့မဟုတ်) စိတ်ချမ်းမြေ့ဖွယ်စကားတခွန်း၊ အမူအရာတခုမျှဖြင့် စတင်၍ ကြိုးစားကြရပါမည်။ ရေစက်များစုပေါင်း၍ အိုးခွက်တို့ ပြည့်လျှံကာ မြောင်း၊ ချောင်း၊ မြစ်၊ ပင်လယ်၊ သမုဒ္ဒရာထိ စီးဝင်နိုင်သကဲ့သို့ တယောက်ချင်းအားဖြင့် ဖေးမထိန်းညှိ လုပ်ဆောင်သွားလျှင် မြန်မာတို့၏ လူမှုပတ်ဝန်းကျင်သည် ကပ်ဆိုးက လွန်မြောက်သည်အထိ နေပျော်ဖွယ် အသိုင်းအဝိုင်းတခု ဖြစ်လာမည်မှာ မလွဲနိုင်ပါပေ။

ဤနေရာတွင် သာဓက ဖြစ်ရပ်ကလေးများဖြင့် တင်ပြလိုပါသည်။ တခုသော နံနက်ခင်းတွင် မြန်မာ့စားဖွယ် ငပိရည်တို့စရာ ချဉ်ဖတ်ဆိုင်တဆိုင်တွင် အမျိုးသမီးတယောက်သည် “တမာချဉ် တစည်း ဘယ်လောက်လဲ” ဟု မေးလိုက်သည်။ “၂၀ ဘတ်” ပြန်ဖြေလိုက်ရာတွင် “ချဉ်ဖတ်အစုံ ဆယ်ဘတ်ဖိုးပဲ ပေးပါ” ဟု ပြောလိုက်သည်။ တမာချဉ်အစား ကန်စွန်းရွက်နှင့် ပဲတီချဉ်၊ အရွက်စုံ ချဉ်ဖတ်ကိုသာ ရွေးချယ်ခဲ့သည်။ သို့သော် မထင်မှတ်ဖွယ်ရာ လုပ်ရပ်တခုကို အံ့ဩဖွယ် တွေ့လိုက်ရသည်။ ဆိုင်ရှင်သည် အရွက်စုံချဉ်ဖတ်အပြင် တမာချဉ်လေးပါ လက်ဆောင်ထည့်ပေးလိုက်လေသည်။ ဝယ်သူအမျိုးသမီး၏ မျက်နှာသည် မှိုရသည့် မျက်နှာကဲ့သို့ ဝင်းပသွားလေသည်။ ဤဖြစ်ရပ်သည် ချဉ်ဖတ်ရောင်းသူတယောက်၏ လူသားဆန်သော ချစ်စဖွယ်လုပ်ရပ်ပင် ဖြစ်တော့သည်။

ထို့အတူ လူသားဆန်သော လူများအကြားတွင် အဖိုးကြီးလှသည့် အပြုအမူ အလေ့အထများကို များစွာ တွေ့ရတတ်ပါသည်။ တခါက လူတယောက်သည် ဈေးမှ အတော်အတန် ချွေတာ ဝယ်လာရချိန်တွင် မိတ်ဆွေတဦးက ကြက်သွန်နီထုပ်လေးတထုပ် လှမ်းလာပေးခဲ့သည်။ ထိုအချိန်တွင် ထိုသူသည် ဟင်းချက်ရန် ကြက်သွန်နီ ပြတ်လပ်သွားချိန် ဖြစ်သည်။ ဝယ်ရန်လိုအပ်သော်လည်း ရှိသည့်ငွေနှင့် ဝယ်မလောက်၍ စိတ်လျှော့ကာ ပြန်လှည့်လာချိန် ဖြစ်သည်။ လိုအပ်ချိန်တွင် ရရှိလာသော လက်ဆောင်များသည် လူသားဆန်သော လူများကြားတွင် ရှင်သန်ရကျိုး နပ်သကဲ့သို့ ခံစားလာခဲ့ရသည်။ တန်ဖိုးကြီးလှပါတကား။

မြန်မာများ ခက်ခဲကျပ်တည်းနေချိန်တွင် လွတ်မြောက်အောင် ကူညီကြံဆောင်ပေးခြင်းသည်လည်း ခေတ်ဆိုးတွင် လူသားဆန်ခြင်းပင် ဖြစ်သည်။ ပိုမို ခက်ခဲကျပ်တည်း ဒုက္ခများစေခြင်း၊ အနိုင်ကျင့် ရက်စက်ခြင်းသည် အင်မတန် လူမဆန်ခြင်း ဖြစ်သည်။ ယခုအချိန်သည် မြန်မာတို့အား လူသားဆန်ခြင်းနှင့် လူမဆန်ခြင်းများ ခွဲခြားလျက် အားပြိုင် လွန်ဆွဲ‌နေပေသည်။ မြန်မာတို့သည် လူသားဆန်ခြင်းဖြင့် ကိုယ့်သမိုင်း ကိုယ်ရေးသင့်ကြပေသည်။ လူသားဆန်သော လူ့ပတ်ဝန်းကျင်တွင် လူ့ဘဝသည် နေပျော်ဖွယ် ဖြစ်လာပါလိမ့်မည်။

လူသားဆန်ရန် ကြိုးစားခြင်းသည် သာမန်အားဖြင့် အထူးတလည် ကြိုးစားရန် မလိုအပ်ပါပေ။ မိမိကို သူတပါးက ပြုမူဆက်ဆံရာတွင် မိမိမကြိုက်သော အပြုအမူများကို သူတပါးအား မဆက်ဆံမိရန် ရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။ သက်ဆိုင်ရာ ကိုးကွယ်မှု ဘာသာတရားများကလည်း လူသားဆန်ရန် လမ်းညွှန်ပေးသကဲ့သို့ ဘာသာမဲ့ဟု မိမိကိုယ်ကို ခံယူထားသူများပင် လူသားဆန်တတ်ကြခြင်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ လူသားဆန်သော လူများကြားတွင် ရှင်သန်ရခြင်းသည် လွန်စွာ အဓိပ္ပာယ်ရှိသကဲ့သို့ နေပျော်ဖွယ် ကောင်းလှသည်။

ခေတ်ပျက်တွင် လူမဆန်ခြင်းကိုလည်း ထင်ရှားစွာ မြင်နိုင်ပါသည်။ တနိုင်ငံလုံး ဘယ်သူ ဒုက္ခရောက်ရောက် မိမိ မိသားစု ကောင်းစားရေးကိုသာ ဆွဲကိုင်ထားကြသူများသည် ရွံရှာဖွယ်အတိ ဖြစ်ပါသည်။ ကမ္ဘာမီးလောင် သားကောင်ချနင်း လုပ်ရပ်များသည် လူမဆန်ခြင်း၏ သာဓကများပင် ဖြစ်သည်။ လူမဆန်သူများဆီမှ အသင်းအဖွဲ့စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များကို မျှော်လင့်နေခြင်းသည် မိုက်မဲခြင်းပင် ဖြစ်သည်။ လူမဆန်ခြင်းတွင် အဆိုးဝါးဆုံးမှာ ပညာရေးနှင့် ကျန်းမာရေး အကျိုးသက်ရောက်မှုများအတွက် လူမဆန်ခြင်းပင် ဖြစ်သည်။ အစွန်းရောက်သူများ၏ လူမဆန်ခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် ကံဆိုးမိုးမှောင်ကျခြင်းပင် ဖြစ်သည်။

ချုပ်၍ဆိုရလျှင် ခက်ခဲစွာ လူဖြစ်လာရသည့် လူ့ဘဝတွင် ကွေးသောလက်မဆန့်မီ၊ မတည်မြဲမှုများကြား မိမိကပင်စ၍ လူသားဆန်ကြရပေမည်။ မိမိနှင့် မိသားစု အသိုင်းအဝိုင်းတွင် ကိုယ်စီ လူသားဆန်ကြခြင်းဖြင့် လူသားဆန်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရပေမည်။ မည်သို့ပင်ဆိုစေ ကမ္ဘာတွင် မြန်မာဟေ့ဟု သမိုင်းတင်မည့် ခေတ်ကာလ အခြေအနေတွင် တယောက်တလက် ကျောင်းသားလက်သို့ အရာရာတွင် စည်းလုံးညီညာ အောင်ကြောင်းဖြာစေချင်လှပါဘိသည်။ လဲရာမှ ထူ၊ ကူရာမှ ထ၊ ရရာက ကြိုး၊ ဆိုးရာက ကောင်းဖို့ လူသားဆန်သော အနာဂတ်သစ် မြန်မာနိုင်ငံဆီသို့ စုပေါင်းညီညာ လျှောက်လှမ်းကြပါစို့။      ။

သန့်ကေသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013