DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC တို့ PRIO အဖွဲ့က ထုတ်ပြန်သည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ဆန်ခါတင် စာရင်းဝင်
DVB
·
September 29, 2023
သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC တို့ PRIO အဖွဲ့က ထုတ်ပြန်သည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ဆန်ခါတင် စာရင်းဝင်
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကို ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု နောက်ဆုံးဆန်ခါတင်စာရင်းမှာ နော်ဝေအခြေစိုက် ငြိမ်းချမ်းရေးသုတေသနအဖွဲ့  (PRIO) ဒါရိုက်တာအဖွဲ့က ထည့်သွင်း ကြေညာလိုက်ပါတယ်။

၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၅ ခုရဲ့ အမည်စာရင်းကို နော်ဝေနိုင်ငံ အော်စလိုအခြေစိုက် သုတေသနအဖွဲ့တခုဖြစ်တဲ့ Peace Research Institute Oslo (PRIO) က စက်တင်ဘာ ၂၉ ရက် ဒီကနေ့ ထုတ်ပြန်တာမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မြန်မာစစ်တပ်ဟာ လူပေါင်း ၂,၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၁၇,၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂက သတ်မှတ်ခဲ့ကြောင်းနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC အဖွဲ့တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဖြစ်ဖို့ ထိုက်တန်တယ်လို့ PRIO အဖွဲ့က ထုတ်ပြန်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီး မကြာခင်မှာပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကန့်ကွက်ရှုတ်ချခဲ့သူဖြစ်တယ်၊ စစ်အာာဏာရှင်ကို နိုင်ငံတကာက အသိအမှတ်မပြုဖို့၊ တရားဝင်မှုမပေးဖို့ တောင်းဆိုခဲ့သူဖြစ်တယ်၊ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်အဖြစ် NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုပြီး ကုလသမဂ္ဂမှာ မြန်မာ့အရေးတွေကို ဆောင်ရွက်ပေးနေတယ်၊ သံအမတ်ကြီးဟာ မြန်မာပြည်သူတွေရဲ့အသံကို နိုင်ငံတကာက ကြားသိနိုင်အောင် လုပ်ဆောင်ပေးနေသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းဝင်တွေ၊ CDM တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ NUCC ကတော့ အာဏာရှင်စနစ်ပုံစံအားလုံး အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီနစ် ထူထောင်ရေး ရည်ရွယ်လုပ်ဆောင်နေတဲ့အဖွဲ့လို့ ဆိုပါတယ်။

ဆန်ခါတင်စာရင်းထဲမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အီရန်နိုင်ငံသူ နာဂတ်စ်မိုဟမ်မဒီ နဲ့ အာဖဂန်နစ္စတန်သူ မဟမ်ဘိုဘာဆီရာ့ဂျ်၊ ဌာနေတိုင်းရင်းသား အခွင့်အရေးလှုပ်ရှားသူ ဖိလစ်ပိုင်နိုင်ငံသူ ဗစ်တိုးရီးယား တူလီကော်ပက်ဇ်နဲ့ အီကွေဒါနိုင်ငံက  ဂျူအန်ကာလို့စ်ဂျင်တီရာချီ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ လူ့အခွင့်အရေး အချက်အလက် စိစစ်သုံးသပ်တဲ့ Human Rights Data Analysis Group (HRDAG) အဖွဲ့တို့ကိုလည်း PRIO အဖွဲ့က ထည့်သွင်းထားပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကိုတော့ နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ရွေးချယ်ပေးအပ်တာဖြစ်ပြီး အခု ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကိုတော့ အောက်တိုဘာ ၆ ရက်နေ့ ကြေညာမှာဖြစ်ပါတယ်။ အခုနှစ်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း ၇၅ နှစ်ပြည့်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013