Home
မေးမြန်းခန်း
“လုံခြုံရေးကောင်စီက ထိရောက်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ ဆက်လက်တိုက်တွန်းလိုပါတယ်” ဦးကျော်မိုးထွန်းနှင့် ဒီဗွီဘီ မေးမြန်းချက်
DVB
·
September 27, 2023

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၁၉ ရက်ကနေ  ၂၆ ရက် အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ အခုလို အထွေထွေညီလာခံကို ကျင်းပတဲ့အချိန် ရောက်ပြီဆိုရင် မြန်မာနိုင်ငံကို ဘယ်သူက ကိုယ်စားပြုခွင့်ရမလဲဆိုတဲ့ အကြောင်းအရာတွေက အမြဲတမ်း လွှမ်းမိုးလေ့ရှိပါတယ်။

အဲဒီအတွက်လည်း အခုလိုကာလမှာ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရွေးချယ်ရေး ကော်မတီလို့ အများသိကြတဲ့ Credentials Committee ကော်မတီကို ဖွဲ့စည်းလေ့ရှိတယ်။ ပြီးတော့မှ ကော်မတီဆုံးဖြတ်ချက်နဲ့ ကုလသမဂ္ဂမှာ ဘယ်သူ့ကို ဆက်ပြီးတော့ ကိုယ်စားပြုခွင့်အနေနဲ့ ထားရှိမလဲ ဆိုတာမျိုးကို ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ အခုနှစ်မှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတည်းက Credentials Committee ကော်မတီကို ဖွဲ့စည်းခဲ့ပြီးပါပြီ။ ဒီထဲမှာ အမေရိကန်၊ တရုတ်၊ ရုရှား အပါအဝင် အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၉ နိုင်ငံ ပါဝင်ပါတယ်။ လက်ရှိ အထွေထွေညီလာခံမှာတော့ Credentials Committee ကော်မတီ အစည်းအဝေးကတော့ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒီဗွီဘီမှ မယမင်းမြတ်အေးက ဆက်သွယ် မေးမြန်းထားပါတယ်။

(အပြည့်အစုံ)

မေး။ ဟုတ်ကဲ့ သံအမတ်ကြီး၊ ကျမတို့ ဒီ Credentials Committee အစည်းအဝေး မထိုင်ရသေးဘူးလို့ သိရပါတယ်။ အဲဒီအတွက်လည်း သံအမတ်ကြီးကိုပဲ ဆက်ပြီးတော့ ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  ဆက်ရှိနေမယ် ဆိုတာမျိုးလည်း သိထားပါတယ်။ ဆိုတော့ ဒီအနေအထားလေးကို နည်းနည်းလေး ရှင်းပြပေးပါဦးရှင်။

ဖြေ။ “ဆိုတော့ ဒီအချိန်က Credentials ကိစ္စကတော့ အားလုံး စိတ်ဝင်စားကြတယ်။ ဒါက ဖြစ်စဉ် ဖြစ်နေကြဥစ္စာလိုမျိုးကို ဖြစ်နေတဲ့သဘောတော့ ရှိတယ်။ ဒါ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တတိယအကြိမ်မြောက် Credentials ကိစ္စဖြစ်တယ်လို့ ပြောရမှာပေါ့နော်။ အားလုံးသိတဲ့အတိုင်း ဆရာမလည်း အရှေ့ဘက်မှာ ပြောသွားတယ်။ ဒီ Credentials Committee ကို အခုက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က စတင်ခဲ့ပြီး ဖြစ်တယ်ပေါ့နော်။ အဲဒီ စတင်တဲ့ ပထမနေ့မှာပဲ Credentials Committee ကို ဖွဲ့ထားပြီးသား ဖြစ်တယ်ပေါ့နော်။ အဲဒီကော်မတီမှာ အားလုံးသိတဲ့အတိုင်း အမြဲတမ်းပါနေကျ ၃ နိုင်ငံပေါ့နော်။ တရုတ်၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့အပြင် တခြား ၆ နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး ဖြစ်တယ်ပေါ့နော်။ အဲဒီ တခြား ၆ နိုင်ငံက ဘာလဲဆိုရင်တော့ ဒီအာရှဘက်က ဆော်လမွန်ကျွန်းစုနိုင်ငံ ပါတယ်။ အာဖရိကဘက်ကဆိုရင် နိုင်ဂျီးရီးယားနဲ့ တိုဂို ပါတယ်။ ပြီးရင် ဥရောပဘက်ကဆိုရင် အန်ဒိုရာ ပါတယ်။ ပြီးရင် လက်တင်အမေရိကနဲ့ ကာရေဘီယံဆိုရင် ဂရီနာဒါနဲ့ ဆူရာနမ် နိုင်ငံတွေ ပါတယ်ပေါ့နော်။ အဲဒီ ၉ နိုင်ငံနဲ့ ဖွဲ့စည်းပြီးဖြစ်တယ်။”

“ဒါပေမဲ့ ထုံးစံအတိုင်းပေါ့နော်။ Credentials Committee က အခုအထိတော့ အစည်းအဝေး မကျင်းပရသေးဘူး။ ဘာလို့လဲဆိုတော့ ပုံမှန်အားဖြင့်လည်း Credentials Committee က နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းပိုင်းလောက် ကျင်းပတယ်။ ကျင်းပပြီးရင် သူတို့ရဲ့ Credentials Committee ကော်မတီရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မျက်နှာစုံညီ အစည်းအဝေးကို တင်ပြတာပေါ့နော်။ အထွေထွေညီလာခံကနေ အတည်ပြုတာပေါ့နော်။ ဒါက မနှစ်ကဆိုရင်လည်း ဒီလိုလုပ်တဲ့အတွက်ကြောင့် ဒီနှစ်လည်း ဒီလိုသွားမယ့် အနေအထား ရှိတယ်လို့ မှန်းလို့ရတယ်။ ဒါကတော့ Credentials ဖွဲ့စည်းမှုနဲ့ ဘယ်လိုမျိုး Report (အစီရင်ခံစာ) ထွက်ဖို့ ပြုဖို့ အနေအထားလေး ဖြစ်ပါတယ်။”

မေး။ ဟုတ်ကဲ့ သံအမတ်ကြီး၊ နောက်တခု ကျမတို့ ကြားရတဲ့သတင်းအရဆိုရင် စစ်ကောင်စီဘက်က ကိုယ်စားလှယ်ကိုတော့ ဒီကော်မတီကနေပြီးတော့ reject လုပ်ထားတယ်လို့ သိရပါတယ်။ အဲဒါက ဟုတ်ပါသလားရှင်။

ဖြေ။ “အခုက ကျနော်အရှေ့မှာ ပြောသလို ဒီ Credentials Committee တွေကနေပြီးတော့ သူတို့ အဓိကအဖွဲ့ဝင်နိုင်ငံတွေကနေပြီး Credentials ဆီကို တင်ပြတယ်။ အဲလို တင်ပြတဲ့အပေါ် မူတည်ပြီးတော့ သူတို့က စစ်ဆေးမှုလုပ်တယ်။ ပြီးရင် သူတို့ ဆုံးဖြတ်မယ်ပေါ့နော်။ ဒါကြောင့်မို့ ဒီအချိန်မှာ ဆုံးဖြတ်ချက် မရသေးတဲ့အတွက် Reject လုပ်တယ်တို့ ဘာတို့ဆိုတဲ့ ဥစ္စာကတော့ ကျနော့်အနေနဲ့ ဂဃနဏ မသိဘူးပေါ့နော်။ ပုံမှန်အားဖြင့် အခုနပြောသလို နိုဝင်ဘာလကုန်ပိုင်း ဒီဇင်ဘာမှာ ထိုင်တယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ကျနော်တို့တင်တဲ့ဥစ္စာ၊ ကျနော်တို့ အရင်နှစ်ကလည်း စစ်တပ်ဘက်က တင်တဲ့ဥစ္စာရှိတယ်။ ကျနော်တို့ ဒီဘက်က တင်တဲ့ဥစ္စာ ရှိတယ်ပေါ့နော်။ ဒီနှစ်လည်း စစ်တပ်ဘက်က တင်မယ်လို့ ကျနော်တို့ ကြားသိရတယ်။ ကျနော်တို့ဘက်ကလည်း တင်ထားတာရှိတယ်။ ဒါကြောင့်မို့လို့ အခုနကပြောတဲ့ ယတိပြတ် Reject လုပ်တယ်ဆိုတဲ့ ဥစ္စာကတော့ ကျနော့်အနေနဲ့ မသိထားဘူး။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ Credentials Committee ထိုင်ပြီးတော့မှ ဒါတွေက လုပ်လေ့လုပ်ထရှိတယ်ဆိုတဲ့ဥစ္စာလည်း ပြောလို့ရပါတယ်။”

“အခု မေးခွန်းနဲ့ ဆက်စပ်လို့ ကျနော်ဖြေရရင် ကျနော်တို့ မနှစ်ကပုံစံလေးကို ကျနော် ပြန်ရှင်းပြချင်တယ်။ မနှစ်ကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပတယ်။ ပြီးရင်  ကုလသမဂ္ဂ အထွထွေညီလာခံရဲ့ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုပေါ့နော်။ အင်္ဂလိပ်လိုပြောရင် General debate ကို ကျနော်တို့ ကျင်းပတယ်။ ဒီမှာဆိုရင် ကျနော်တို့ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီးတော့ ဒီနေ့ ၂၆ ရက်နေ့အထိ ကျင်းပခဲ့ပြီးဖြစ်တယ်။ General debate က ဒီနေ့ မွန်းလွဲပိုင်းမှာပဲ ပြီးဆုံးသွားပြီ ဖြစ်တယ်ပေါ့နော်။ General debate ကျင်းပတယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေက မိန့်ခွန်းပြောကြားမယ်ဆိုတာ ယေဘုယျအားဖြင့် အတွင်းရေးမှူးရုံးမှာ အသိပေးရတာပေါ့နော်။ ဆိုတော့ ဒါက နှစ်စဉ် အဖွဲ့ဝင်နိုင်ငံတွေက ပုံမှန်လုပ်ကြတဲ့ဥစ္စာ။ ဆိုတော့ ဒီနှစ်ဆိုလည်း ကျနော်တို့ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံရှိတဲ့အထဲမှာမှ တော်တော်များများက နိုင်ငံရဲ့ Head of state, Head of Government တွေ လာကြတာများတဲ့အခါကျတော့ ဒီနှစ်ပြောကြမယ့် ဥစ္စာတွေ များတယ်လို့ ပြောရမှာပေါ့။ ဒါကြောင့် speaker list အတိုင်းကို သူတို့နိုင်ငံရဲ့ Head of state, Head of Government ကနေပြီးမှ ဝန်ကြီးအဆင့်အထိ သွားတဲ့ဥစ္စာ၊ နောက်ပြီးတော့ Chair of the delegation လို့ခေါ်တဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ပြောကြားတဲ့ ဥစ္စာပေါ့နော်။ ဒါတွေကို ကျနော်တို့က ဒီအစည်းအဝေးမစခင်မှာပဲ ကျနော်က speaker list မှာ လုပ်ရတာပေါ့နော်။ ဆိုတော့ မနှစ်က အနေအထားမှာလည်း ကျနော်တို့ မြန်မာကလည်း လုပ်ခဲ့တယ်။ လုပ်ပြီး အချိန်တခု ရောက်လာတဲ့အခါ Credentials ကိစ္စနဲ့ ပတ်သက်ပြီး ဒီတိုင်းပဲ ဆက်သွားဖို့ သူတို့အချင်းချင်းကြားထဲမှာ အလွတ်သဘောပေါ့နော် ညှိနှိုင်းတဲ့ဥစ္စာလေး၊ ကျနော်တို့ မိန့်ခွန်းကို မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုမှာတော့ ပြောကြားဖို့ အလွတ်သဘောညှိတဲ့ဥစ္စာလေးတွေ ရှိတယ်။ မနှစ်က အဲလိုညှိတဲ့အတွက် ကျနော်တို့ Speaker list ကနေပြီးတော့ ကျနော်တို့ကို withdraw ပြန်ရုပ်သိမ်းတာ လုပ်ခဲ့တယ်ပေါ့နော်။ withdraw လုပ်ခဲ့တဲ့အတွက်ကြောင့် ကျနော်တို့ ဒီ နိုဝင်ဘာလကုန်၊ ဒီဇင်ဘာလဆန်းမှာ ဒီ Credentials ကော်မတီကနေပြီး ဆွေးနွေးတဲ့အခါကျတော့ ကျနော်တို့ status ကို အခုရှိနေတဲ့သူကပဲ ဆက်လက်ပြီးတော့ တာဝန်ထမ်းရမယ့် ကိစ္စမျိုးလေးတွေ နားလည်မှုနဲ့ ဆောင်ရွက်သွားတဲ့ဥစ္စာ မနှစ်က ရှိခဲ့တယ်။ ဒီနှစ်မှာလည်း ကျနော် speaker list မှာ expire လုပ်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့တပတ် မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုမစခင် တပတ်အလိုမှာပဲ ကျနော့်အနေနဲ့ မနှစ်ကပုံစံမျိုး အတိုင်းပဲပေါ့နော်။ ကျနော်တို့ speaker list ကနေပြီးတော့ မြန်မာအမည်စာရင်းကို withdraw လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါ ဖြစ်ပျက်သွားတဲ့ဥစ္စာနဲ့ ပတ်သက်ပြီးတော့ ကျနော် အသိပေးခြင်းဖြစ်တယ်။ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုမှာတော့ ကျနော်တို့ Credentials ကိစ္စနဲ့ ပတ်သက်ပြီးတော့ မိန့်ခွန်းပြောကြားခြင်း မရှိခဲ့ပါဘူးဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။”

မေး။ ဟုတ်ကဲ့ အနေအထားတွေကတော့ မနှစ်ကနဲ့ သွားပြီးတူနေတဲ့ အနေအထား တွေ့ရတာပေါ့နော်။ ဆိုတော့ ဒီ Credentials ကော်မတီ အစည်းအဝေး မထိုင်ဖြစ်သေးပေမဲ့ သံအမတ်ကြီးက ယူအန်မှာ ဆက်ရှိမယ်လို့ သုံးသပ်တာတွေရှိသလို လန်ဒန်အခြေစိုက် Myanmar accountability project ရဲ့ ထုတ်ပြန်ချက်မှာဆိုရင်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်ထားမယ် ဆိုတာမျိုးလည်း တွေ့ရပါတယ်။ ဆိုတော့ နောက်မေးခွန်းတခုက သံအမတ်ကြီး အင်တာဗျူးတခုမှာ ပြောသွားတာ တွေ့ရတာပေါ့လေ၊ အဲဒါကတော့ လုံခြုံရေးကောင်စီကနေပြီးတော့ နောက်တကြိမ် ဆုံးဖြတ်ချက်ချနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောထားတာ တွေ့ရတာပေါ့လေ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နည်းနည်းလောက် ဆွေးနွေးစေချင်ပါတယ်။

ဖြေ။ “လုံခြုံရေးကောင်စီအကြောင်း မပြောခင် ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ပတ်သက်ပြီး ဆက်ပြီးတော့ ရှင်းပြသွားချင်တာက ကျနော် အခုနကပြောတဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုက ဒီနေ့ပြီးတယ်။ အခုဆိုရင် ကျနော်တို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပင်မအချိန် (main point) ကိုရောက်ပြီ။ အရင်နှစ်တွေက ကျင်းပတဲ့အတိုင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပင်မကော်မတီ ၆ ခုရှိတယ်ပေါ့နော်။ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမနဲ့ ဆဋ္ဌမ ကော်မတီဆိုပြီးတော့ ၆ ခုရှိတယ်။ အဲဒီ ၆ ခုရဲ့ ကော်မတီ အစည်းအဝေးတွေက ဒါကတော့ အားလုံး ဗဟုသုတအနေနဲ့ ဖြည့်စွက်ပြီးတော့ တင်ပြရရင် ကျနော်တို့ ပထမကော်မတီ ဆိုတာကတော့ ကျနော်တို့ လက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ ကော်မတီပေါ့နော်။ ဒုတိယကော်မတီကတော့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ကော်မတီပေါ့နော်။ တတိယကော်မတီကတော့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးတဲ့ကော်မတီ၊ စတုတ္ထကော်မတီကတော့ အထူးနိုင်ငံရေးအဖွဲ့တွေ colonization နဲ့ ပတ်သက်တဲ့အကြောင်း ဆွေးနွေးတဲ့ ကော်မတီ၊ ပဥ္စမကော်မတီကတော့ ဘတ်ဂျက်နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတာ၊ ဆဋ္ဌမကော်မတီကတော့ ဥပဒေရေးရာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့ဥစ္စာပေါ့နော်။ အဲဒီ ပင်မကော်မတီ ၆ ခုက အခုလာမယ့် ရက်ပိုင်းတွေမှာပဲ စတင်ကျင်းပသွားတယ်။ ဒီ ပင်မကော်မတီတွေမှာလည်း ဘာသာရပ်အလိုက် အထွေထွေရေးရာ general debate ပေါ့နော်၊ ဒါကတော့ ဘာသာရပ်အလိုက် မူဝါဒရေးရာ အစည်းအဝေးတွေ ကျင်းပသွားဖို့ ရှိတယ်ပေါ့နော်။ အဲလိုပဲ ဘာသာရပ်အလိုက် အပြန်အလှန် ဆွေးနွေးမှုတွေ၊ အပြန်အလှန် မိန့်ခွန်းပြောကြားမှုတွေ ဒါတွေလုပ်ဖို့လည်း ရှိတယ်။ ဒါကြောင့် ဒီ တတိယကော်မတီမှာဆိုရင် လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ resolution တင်တာလည်း ရှိတယ်။ ပြီးရင် တတိယကော်မတီရဲ့ အကြမ်းဖျဉ်း အောက်တိုဘာ ၂၃ ရက်နေ့ ပတ်ဝန်းကျင်လောက်ဆိုရင် ကျနော်တို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်၊ သူကနေပြီးတော့ အတွင်းရေးမှူးချုပ်ရဲ့ report ကို တင်ပြဖို့ရှိမယ်။ အလားတူပဲ အစီရင်ခံစာ တင်သွင်းသူကလည်း သူတို့ရဲ့ report ကို တတိယကော်မတီမှာ တင်သွင်းဖို့ရှိတယ်။”

“ဒီနှစ်က ထူးခြားတဲ့ဥစ္စာကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ IIMM ရဲ့ အကြီးအကဲကလည်း ဒီ IIMM နဲ့ပတ်သက်တဲ့ report ကို တတိယကော်မတီမှာ တင်ပြဖို့ရှိတယ်။ ဒါကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တတိယကော်မတီမှာ ဆွေးနွေးမယ့်ဥစ္စာတွေကိုသာ ကြုံကြိုက်တုန်း တင်ပြခြင်းဖြစ်ပါတယ်။ ဒီကော်မတီတွေမှာလည်း မနှစ်ကဆိုရင် ကျနော်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ မိန့်ခွန်းအနေနဲ့ ပြောကြားခဲ့တာရှိတယ်။ အထူးသဖြင့် တတိယကော်မတီမှာ ပိုပြောဖြစ်တာပေါ့နော်။ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတို့ ဘာတို့ပေါ့။ တခြားကော်မတီမှာလည်း ပြောဖြစ်တယ်။ မနှစ်ကဆိုရင် ကျနော်တို့ပြောခဲ့တဲ့ မိန့်ခွန်းအရေအတွက်က ၂၀ ကျော် ၃၀ ကျော်လောက် ပြောကြားနိုင်ခဲ့တယ်။ ဒီနှစ်မှာလည်း ဒီလိုမျိုး ကော်မတီတွေမှာ မိန့်ခွန်းပြောကြားဖို့ ရှိပါမယ်။ အဲလို မိန့်ခွန်းပြောကြားတဲ့ အခါမှာလည်း ကျနော်တို့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ဥစ္စာတွေ၊ စစ်တပ်က မတရား အကြမ်းဖက်သတ်ဖြတ်နေတဲ့ ကိစ္စတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ ဥစ္စာတွေ နောက်ပြီး‌တော့ ကျနော်တို့ လူသားချင်းစာနာမှု အကူအညီပေးရေး လိုအပ်တဲ့ဥစ္စာတွေပေါ့နော်။ နောက်ပြီးတော့ ကျနော်တို့ ဒီလိုမျိုး အကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ စစ်တပ်အနေနဲ့ accountability ရှိမှုကိစ္စတွေ၊ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု rule of law ရှိဖို့ကိစ္စတွေ၊ နောက်ပြီးတော့ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီးတော့ အခြေအနေလေးတွေကို ဒီကော်မတီတွေရဲ့ အစည်းအဝေးတွေမှာ ကျနော်တို့ ဒီနှစ်မှာလည်း ဆက်လက်တင်ပြသွားဖို့ ရှိပါတယ်ဆိုတာ ကျနော် အလျဉ်းသင့်တုန်း တင်ပြလိုပါတယ်။”

“အဲလို ကော်မတီ ၆ ခုရှိသလို မျက်နှာစုံညီ အစည်းအဝေးတွေမှာ တချို့ဘာသာရပ်တွေ၊ ဥပမာ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာကို ကျနော်တို့ တင်သွင်းတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ အိုင်စီဂျေ၊ အိုင်စီစီတို့ရဲ့ တနှစ်ပတ်လုံး လုပ်ဆောင်မှုနဲ့ တင်သွင်းတဲ့ဥစ္စာတွေမှာ ကျနော်တို့ မျက်နှာစုံညီ အစည်းအဝေးတွေမှာ ကျနော်တို့ ဒါတွေကို ဆွေးနွေးဖို့ရှိတယ်။ အဲလိုမျိုး ဆွေးနွေးတဲ့အချိန်မှာပဲ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းပြောကြားသွားဖို့ အစီအစဉ်တွေလည်း လျာထားပါတယ်။”

“ဒါကြောင့် အခုနမေးခွန်းနဲ့ ပတ်သက်ရင်တော့ ဘာလို့လဲဆိုတော့ ယူအန်ဆိုတာ တခုနဲ့တခု ချိတ်ဆက်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုန ဒီ လုံခြုံရေးကောင်စီမှာ ကျနော်တို့ resolution နောက်တခု ချမှတ်နိုင်အောင် ကြိုးစားဆောင်ရွက်နေတဲ့ ဥစ္စာတွေလည်း ရှိတယ်။ ဒီအထွေထွေညီလာခံမှာ လုပ်ဆောင်နေတဲ့ ဥစ္စာတွေကလည်း ကုလသမဂ္ဂက လုံခြုံရေးကောင်စီမှာ ဖြည့်စွက်ဖို့အတွက်ပေါ့နော်။ တထောင့်တနေရာကနေ အားပေးစေတဲ့ အနေအထားမျိုးတွေ ရှိတဲ့အတွက်ကြောင့် အခုန ချိတ်ဆက်နေတယ်ဆိုတဲ့ဥစ္စာကို ပြောတာပါ။ ဒီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ ကျနော်တို့ အားလုံးသိတဲ့အတိုင်း မနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက် အဆိုတခုကို ချခဲ့တာရှိတယ်။ အမှတ်စဉ်ကတော့ ၂၆/၆၉ ဆုံးဖြတ်ချက်အဆိုတခုကို ချခဲ့တာရှိတယ်။ ဆိုတော့ ဒီ resolution ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီက ချမှတ်တာ ဒါ ပထမဆုံး resolution ဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကြိုဆိုတယ်။ significant လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တချိန်တည်းမှာပဲ resolution မှာပါတဲ့ အချက်အလက်တွေက ကျနော်တို့လိုချင်တဲ့ အချက်အလက်တွေအထိ ပါလာခြင်းမရှိသေးဘူး။ နောက်ပြီးတော့လည်း အဓိက အရေးကြီးတဲ့အချက်က ဒီ resolution မှာပါတဲ့ အချက်အလက်တွေကို စစ်တပ်က မလိုက်နာဘူးဆိုရင် ဘာလုပ်မယ်၊ ညာလုပ်မယ်၊ အရေးယူ အပြစ်ပေးမှုတွေ ပါလာခြင်း မရှိဘူးပေါ့နော်။ ဒါကြောင့်မို့လို့ ဒီ resolution က ရှိသော်ငြားလည်း အရေးယူ အပြစ်ပေးမှုတွေ မပါလာတဲ့အတွက်ကြောင့် သူ့မှာ အားနည်းနေတဲ့ ဥစ္စာမျိုးတွေရှိတယ်။ ဒါကြောင့် ကျနော်တို့ ပြောပြောနေတာ ရှိတယ်။”

“ဒီ resolution ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ချတယ်။ အဲဒီချမှတ်တဲ့အချိန်မှာ ကျနော်တို့ AAPP အချက်အလက်တွေအရ ကြည့်ရင် စစ်တပ်က ကျနော်တို့ ပြည်သူတွေကို မတရား သတ်ဖြတ်လာတဲ့ဟာက  အဲဒီ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ  လူပေါင်း ၂,၆၀၀ ကျော် သူတို့ သတ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ အခု ဒီနေ့ဒီရက်ကို ပြန်ကြည့်လိုက်ရင် စစ်တပ်က ပြည်သူတွေကို သတ်ဖြတ်တဲ့ဥစ္စာက ၄,၁၀၀ ကျော်ရှိတယ်။ ဒါကြောင့်  ၁,၄၀၀ ကျော်ကို ပြီးခဲ့တဲ့ ၉ လကျော်ကာလအတွင်းမှာ စစ်တပ်က သတ်ဖြတ်နေတယ်။ ဒါကြောင့် ဒီ resolution ပေါ်ပါတဲ့ အချက်အလက်တွေကို စစ်တပ်က လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတဲ့ဟာကို လုံးဝပေါ်လွင်နေတယ်။ ဒါကြောင့် နောက် resolution ကို ချဖို့အတွက် ကျနော်တို့ တိုက်တွန်းခြင်းဖြစ်တယ်။ ဒီလိုမျိုးချနိုင်တဲ့ ဥစ္စာကလည်း စစ်တပ်က ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဥစ္စာကို ရပ်တန်းကရပ်နိုင်ဖို့ အဓိက effective ဖြစ်တဲ့ resolution မျိုးကိုပဲ ကျနော်တို့ လိုချင်တယ်ပေါ့နော်။ ဒါကြောင့် အဲဒီအတွက်ကို ကျနော်တို့ တိုက်တွန်းနေတာ ရှိတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီကလည်းပေါ့နော် တချို့ ယူကေတို့၊ ယူအက်စ်တို့ တခြား ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေဘက်က နေပြီးတော့ ရပ်တည်ပေးနေတဲ့ နိုင်ငံတွေကလည်း သူတို့လည်း ချသင့်တယ်ဆိုတဲ့ ဥစ္စာမျိုး သူတို့လက်ခံထားပြီးသား ဖြစ်တယ်။ ဒါကြောင့် အခု resolution ချနိုင်ဖို့အတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ကြားထဲမှာတော့ အလွတ်သဘော စတင်ဆွေးနွေးခဲ့ကြတဲ့ ဥစ္စာတွေ ရှိတော့ရှိနေပါပြီဆိုတာ တင်ပြလိုပါတယ်။”

“ကျနော်တို့လည်း လုံခြုံရေးကောင်စီကနေပြီးတော့ နောက် resolution နောက်တခု ထွက်လာနိုင်ဖို့ ပြည်သူတွေရဲ့အသံကလည်း ကျယ်ကျယ်လောင်လောင် ထွက်နေပြီးသား ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အသံနဲ့အတူ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကိုလည်း ဆက်လက်ပြီး massage တွေကို convey (ပေးပို့တာ) လုပ်သလို ပြည်သူတွေ အခက်အခဲတွေ ခံစားနေရမှုကို စာနာပြီးတော့ ပြည်သူရဲ့ အသံကို သေသေချာချာ နားထောင်ပြီး ထိရောက်တဲ့ resolution ချနိုင်ဖို့ ကျနော်တို့ ဆက်လက်ပြီးတော့ တိုက်တွန်းလိုပါတယ် ဆိုတဲ့ဟာ ပြောကြားလိုပါတယ်။”

ကျေးဇူးတင်ပါတယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024