
နယူးကာဆယ်နဲ့ ကစားရမယ့် လိဂ်ရှုံးထွက်ဖလားပွဲစဉ်အတွက် ကစားသမားတွေ ဒဏ်ရာနဲ့ ပွဲပန်းတဲ့ ပြဿနာတွေရှိနေတယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းမှာ ကီဗင်ဒီဘရိုင်းနား၊ ဂျွန်စတုန်းစ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့က ဒဏ်ရာကြောင့် အနားယူနေရပြီး ရိုဒရီဟာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားခွင့်ရမှာ မဟုတ်ပါဘူး။
ကိုဗာချစ်၊ ဂရေးလစ်ရှ်တို့ ပြန်လည်ကစားနိုင်ပြီ ဖြစ်ပေမဲ့ ကစားသမားအများစုက ပွဲဆက်များနေလို့ အနားယူဖို့လိုအပ်နေတယ်လို့ ဂွါဒီယိုလာကပြောပါတယ်။
“ကျနော်တို့အသင်းမှာ ဒဏ်ရာရ ကစားသမားတွေရှိသလို ပွဲချိန် များများကစားနေရတဲ့ သူတွေလည်း ရှိနေလို့ သူတို့ကို အနားပေးရမှာပါ။ အနိုင်ရဖို့အတွက် သွားရောက် ကစားမှာဖြစ်ပေမဲ့ အားစိုက်ထုတ်မှု အပြည့်အဝသုံးလိုက်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် ပိုပြီးဒုက္ခရောက်သွားမှာပါ။ ဝုဗ်၊ လိုက်ဇစ်နဲ့ အာဆင်နယ်တို့နဲ့ ပွဲစဉ်တွေကတော့ ပိုပြီး အရေးကြီးပါတယ်။”
ဂွါဒီယိုလာအနေနဲ့ ပွဲဆက်များနေတဲ့ နောက်ခံလူဝေါ်ကာနဲ့ ဒီယက်ဇ်တို့ကို အနားပေးသွားဖို့ရှိပါတယ်။
Photo-Reuters










