DVB Logo
Home
မြန်မာသတင်း
လက်နက်မအပ်နိုင်သည့် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်များ CDM လုပ်ရန် အခက်အခဲရှိနေ
DVB
·
September 26, 2023
လက်နက်မအပ်နိုင်သည့် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်များ CDM လုပ်ရန် အခက်အခဲရှိနေ
Donate to DVB

စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလမှာ ပြည်သူနဲ့ ပူးပေါင်းပါဝင်ချင်တဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြားရှိပေမဲ့ နောက်တန်းမှာ တာဝန်ထမ်းဆောင်ရသူတွေအနေနဲ့ လက်နက် မအပ်နိုင်တာကြောင့် ချိတ်ဆက်အကူအညီပေးရေး အဖွဲ့တွေနဲ့ ဆက်သွယ်နိုင်ခြင်း မရှိဘဲ CDM မလုပ်နိုင်သေးတာလို့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ လက်နက်အပ်ပြီး ပြည်သူဘက် ရပ်တည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဘဝရပ်တည်ချက်ရရှိဖို့ ထောက်ပံငွေ ပေးအပ်ကူညီတာတွေ ရှိပေမဲ့ ‌လက်နက်မဲ့ CDM လုပ်မယ့်သူတွေအနေနဲ့ ကူညီပေးနိုင်တဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်နိုင်မှု မရှိတဲ့အတွက် ပြည်သူဘက်မှရပ်တည်ဖို့ ခက်ခဲနေတာလို့ ဆိုပါတယ်။

ကပစတပ်မှ တပ်ကြပ်ကြီးတဦးက “ကျနော်တို့ကျ CDM တကယ်လုပ်ချင်ပါတယ်။ မြို့ပေါ်မှာပဲ နေရတော့ လက်နက်ကျ ယူမလာနိုင်ဘူးလေ။ စုဆောင်းထားတဲ့ ငွေကြေးကလည်း မရှိတော့ ဘယ်လိုလုပ်ရမယ်မှန်း မသိဘူး။ အဲ့ဒီဘက်က အဖွဲ့တွေနဲ့တော့ ချိတ်ဆက်ထားတယ်။ အဆက်အသွယ် ကောင်းကောင်းတော့ မရသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့ပေါ်ရှိ စစ်လက်နက်ထုတ်လုပ်ရေးတပ် (ကပစ)၊ အင်ဂျင်နီယာ (GE) တပ်နဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် အများအပြား ပြည်သူဘက်က ရပ်တည်ချင်ပေမဲ့ အခက်အခဲများစွာရှိနေလို့ ပြည်သူဘက်က မရပ်တည်နိုင်သေးဘူးလို့လည်း သိရပါတယ်။

ပြည်သူ့ဘက်မှာရပ်တည်ပြီး CDM လုပ်ဆောင်ချင်သူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများမှ ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း အဖွဲ့တို့က စိစစ်ပြီး CDM Code နံပါတ် ချပေးကာ လစဉ် ထောက်ပံပေးတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

Yangon Police CDM Fighter အဖွဲ့ တာဝန်ရှိသူက “အခုနောက်ပိုင်းမှာဆိုရင် အချက်အလက်တွေ တောင်းရတယ်ခင်ဗျာ။ သူတို့က တကယ် CDM လုပ်ချင်တာလား၊ သတင်းယူဖို့အတွက် CDM ဝင်လာတာလား ဆိုတာကို သေချာစိစစ်ပါတယ်။ CDM တွေ တကယ်လုပ်ချင်တဲ့သူတွေဆိုရင် ရဲ/စစ် CDM ဝင်တဲ့သူတွေ သေချာစိစစ်ပြီး ကူညီတဲ့အဖွဲ့တွေကို ချိတ်ဆက်ပေးတာ အကောင်းဆုံးပဲ” လို့ ပြောပါတယ်။

‌အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း CDM လုပ်ဆောင်သူ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအဖွဲ့ အသီးသီးက ကူညီဆောင်ရွက်ပေးတာတွေ ရှိပေမဲ့ သေချာစစ်ဆေးပြီးမှ ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်ပေးတယ်လို့ CDM တပ်မတော်သားများအရေး လုပ်ဆောင်နေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့မှ CDM အရာရှိတယောက်က ပြောပါတယ်။

“NUG အနေနဲ့ အတတ်နိုင်ဆုံး ထောက်ပံ့ပေးနေတာ ရှိပါတယ်။ အကန့်အသတ်တော့ ရှိတာပေါ့။ ဒါကို ကျနော်တို့ အသိအမှတ်ပြု လက်ခံပါတယ်။ သို့သော် တခြားသောသူတွေနဲ့ မတူတာက လက်နက်ကိုင်တွေက CDM ပြုလုပ်ပြီးပါက မိသားစုတွေပါ တပါတည်း ခေါ်ဆောင်လာရတာမျိုး ရှိပါတယ်။ ဒါ့အပြင် တပ်ရဲတွေက သာမန်လူမှုနယ်ပယ်ထဲ ပြန်လည်ဝင်ဆန့် ရပ်တည်နိုင်ဖို့ သာမန်ထက် ရုန်းကန်ရတာမျိုးလည်း ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာ တပ် CDM ကူညီပေးရေးအဖွဲ့တွေ အနေနဲ့ အတတ်နိုင်ဆုံး လုပ်နေကြပေမဲ့ အကန့်အသတ် ရှိနေကြပါတယ်။ လက်ရှိ မြေပြင်ကူညီပေးနိုင်မှု အနေအထားက တပ်ရဲအင်အားစုတွေ ပြိုဆင်းလာနိုင်မယ့် အနေအထားထိ လုပ်ဆောင်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ ပြောလို့ရမယ် ထင်ပါတယ်။”

စက်တင်ဘာ ၁၅ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၁၀၀၆ ကို လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူဘက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ငွေကျပ် ၁၁၄ သိန်း ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013