DVB Logo
Home
မြန်မာသတင်း
နောက်ဆက်တွဲငလျင်များ ထပ်လှုပ်မည်ကို ပြည်သူများ စိုးရိမ်နေ
DVB
·
September 25, 2023
နောက်ဆက်တွဲငလျင်များ ထပ်လှုပ်မည်ကို ပြည်သူများ စိုးရိမ်နေ
Donate to DVB

ရန်ကုန်၊ ပဲခူး၊ မှော်ဘီ၊ တိုက်ကြီးနဲ့ လှည်းကူးမြို့တို့မှာ ငလျင်တွေ ခပ်စိတ်စိတ် လှုပ်ခတ်လာတာကြောင့် ပြည်သူတွေ စိတ်မလုံမခြုံ ခံစားနေရပြီး ငလျင်နောက်ဆက်တွဲ လာမှာကို စိုးရိမ်နေကြပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့ကို ဗဟိုပြုပြီး စက်တင်ဘာ ၂၅ ရက် မနက် ၇ နာရီ မိနစ် ၂၀ လောက်က အင်အား ရစ်ချ်တာစကေး ၄ ဒသမ ဝ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၃ ရက် ညပိုင်းကလည်း ပဲခူးမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၁ ရှိ အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။ အဲဒီ ငလျင်လှုပ်ခတ်မှုကို ပဲခူးနဲ့ ရန်ကုန်က မြို့နယ်တော်တော်များများမှာ နေထိုင်သူတွေ သိရှိ ခံစားခဲ့ရပါတယ်။

အဲဒီငလျင်ဒဏ်ကြောင့် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြ ၃ လမ်းက လူနေတိုက်ခန်းနဲ့ မှော်ဘီမြို့နယ်က ဘုန်းကြီးကျောင်းတို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နောက်ထပ် ငလျင်ဘေးအန္တရာယ် ထပ်လာမှာကို ရန်ကုန်မြို့ အထပ်မြင့်နေသူတွေ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ တိုက်ခန်းနေသူတဦးက “ကြောက်ကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တိုက်အမြင့်မှာလည်း ဖြစ်တယ်။ ပြီးတော့ ဗဟိုချက်မကလည်း ပဲခူးမြို့အလွန်ဆိုတော့ လှည်းကူးလောက်ရှိတယ်။ မြေငလျင်တိုင်းတာရေးစခန်းရဲ့ တိုင်းတာချက်အရဆိုတော့ ဗဟိုချက်မနဲ့ နီးတာရယ် ၅ ဒသမ ၂ ဆိုတော့ လန့်ကြတာပေါ့။ သင်္ဃန်းကျွန်း၊ စံပြ ၃ လမ်းမှာ တိုက်တောင်စောင်းပြီး တိုက် ၂ ခု ထိသွားတယ်လို့ သတင်းထဲမှာ တွေ့တယ်။ ဒီမှာက အထပ်မြင့်တွေများတော့ ဘယ်သူပဲဖြစ်ဖြစ် ပူပန်တာပေါ့။ ဒါပေမဲ့လည်း ဒီလောက်ထိပဲ ဖြစ်သွားတာ တော်သေးတယ် ပြောရမှာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ဘေးအန္တရာယ် အချိန်မရွေး ကျရောက်နိုင်တာကြောင့် ပြည်သူတွေ အားလုံး သတိထားသင့်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယကဖြစ်တဲ့ NUG အစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။

“ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူတွေ သတိထား သိထားရမှာက အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှာ ဆောက်တဲ့ အဆောက်အဦတွေက သက္ကရာဇ် ၂၀၀၀ လောက်မှသာ ထိန်းချုပ်တဲ့ ကော်မတီတွေ၊ ဖွဲ့စည်းပုံဒီဇိုင်းတွေနဲ့ သေချာ စိစစ်လာတာပါ။ အဲ့မတိုင်ခင် ဆောက်ခဲ့တဲ့ အဆောက်အဦတွေကတော့ အင်မတန် အန္တရာယ်ကြီးပါတယ်။ နောက်တခုက ငလျင်က တထပ်တိုက်လည်း အန္တရာယ်မရှိဘူးလို့ ပြောလို့မရပါဘူး။ ကောင်းကောင်းဆောက်လား မဆောက်လား ဒီအပေါ်မှာပဲ မူတည်ပါတယ်။ ရန်ကုန်အပြင် မြန်မာတနိုင်ငံလုံး ငလျင်ဘေးအန္တရာယ်က အချိန်မရွေးကျနိုင်တယ်။ သူ့ရဲ့ သဘောသဘာဝကိုက သဘာဝဘေးအန္တရာယ် ဖြစ်ပါတယ်။ အမြဲတမ်းလည်း ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်ကျနိုင်တဲ့ ရပ်ဝန်းမှာရှိနေတယ်။ ဒါကို ပြည်သူတရပ်လုံးက သတိထားရမယ်” လို့ NUG အစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်က ငလျင်ဗဟိုချက်နဲ့ နီးစပ်တဲ့ ရန်ကုန်မြို့၊ တိုက်ကြီး၊ မှော်ဘီနဲ့ လှည်းကူးမြို့နယ်တို့မှာ မနက်အစောပိုင်း ၂ နာရီ ၁၁ မိနစ်၊ ၂ နာရီ ၅၃ မိနစ်နဲ့ ၅ နာရီ ၁၀ မိနစ်လောက်က ငလျင်လှုပ်ခတ်မှု ၃ ကြိမ်လောက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီရက်ထဲ ငလျင်တွေ ခပ်စိတ်စိတ်လှုပ်နေတာကြောင့် ပြည်သူတွေ စိတ်မလုံမခြုံ ခံစားနေရတယ်လို့လည်း ပြောဆိုတာတွေ ရှိနေပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတဦးက “မနေ့က ငလျင်လှုပ်တာ တော်တော်ပြင်းတဲ့ထဲမှာ ပါတယ်။ တမိနစ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ တော်တော်များများတော့ ကြောက်လန့်ပြီး လမ်းပေါ်ဆင်းပြေးကြတယ် ကြားတယ်။ သိတဲ့အတိုင်းပဲ ရန်ကုန်မှာက တိုက်ဟောင်းတွေကလည်း တော်တော်များနေပြီ။ ပြီးတော့ တိုက်အသစ်တွေကလည်း အရည်အသွေးမမီတဲ့ ကန်ထရိုက်တိုက်တွေ တော်တော်များများ ဖြစ်နေတာဆိုတော့ တခုခုဆို လူတွေက နေလို့သာ နေရတာ၊ ဒါမျိုးဖြစ်တယ်ဆို စိတ်က မလုံမလဲဖြစ်တယ်။ တော်တော်များများက ငလျင်ဆိုတာနဲ့ ဆင်းပြေးကြတယ်။ အဲ့လိုမျိုးဆိုတော့ ငလျင်နဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ သတိထားမိအောင် စာတွေ၊ သင်ကြားရေးတွေ၊ ပညာပေးလုပ်ငန်းတွေ လုပ်သင့်တယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နိုင်တဲ့အတွက် ငလျင်ဗဟိုချက်နဲ့ ထိစပ်နေတဲ့ ငမိုးရိပ်ရေလှောင်တမံ၊ လှည်းကူးမြို့နယ် ရေပေးဝေရေး ရေလှောင်ကန်တွေကို ငမိုးရိပ် ရေလှောင်တမံ ထိန်းသိမ်းရေးအဖွဲ့တွေက စက်တင်ဘာ ၂၃၊ ၂၄ ရက်တို့မှာ စစ်ဆေးခဲ့ကြပါတယ်။

စက်တင်ဘာ ၂၃ ရက်ညက ပဲခူးမြို့အနီး လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီးရှိ စံပြ ၃ လမ်းထဲက ၆ ထပ်အမြင့်ရှိ လူနေတိုက် ၁ လုံးရဲ့ ၅ လွှာနဲ့ ၆ လွှာတို့ဟာ ည ၈ နာရီ ၅၄ မိနစ်လောက် ငလျင်အပြီး ဘေးကပ်ရက်တိုက်နဲ့ တိုက်ချင်း ပူးကပ်သွားခဲ့ပါတယ်။

ငလျင်ကြောင့် မှော်ဘီမြို့နယ်ရှိ ပန်းတပွင့်တောင်နယ်မြေ၊ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိ ၂ ထပ်ကျောင်းဆောင်ရဲ့ အပေါ်ထပ်နံရံတွေ ပြိုကျ ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013