Home
မြန်မာသတင်း
မန္တလေးတွင် ပိုင်ရှင်မဲ့အလောင်းတွေ့၊ အမျိုးသား ၁ ဦး ဆိုင်ကယ်လုယက်သတ်ဖြတ်ခံရ
DVB
·
September 25, 2023
380892960_288547977254109_6766724615933858991_n

မန္တလေး၊ အောင်မြေသာစံမြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်တို့မှာ ဆိုင်ကယ် လုယက်ခံရတာကြောင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး ဦးခေါင်းဒဏ်ရာတွေနဲ့ ပိုင်ရှင်မဲ့ အမျိုးသမီးရုပ်အလောင်းတခုကို တွေ့ရှိခဲ့တယ်လို့ မန္တလေးမြို့ခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်၊ မနက် ၈ နာရီ ၄ မိနစ်လောက်က အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ရှောင်လမ်း၊ မြို့ပါတ်သံလမ်းဘေးမှာ သေဆုံးနေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦး ရုပ်အလောင်းကို အနီးအနားနေသူတွေက တွေ့ရှိခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးဟာ ဦးခေါင်းထိခိုက်ဒဏ်ရာတွေနဲ့ မှောက်လျက်အနေအထား လဲကျသေဆုံးနေတာဖြစ်ပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရရှိသေးတာကြောင့် ပိုင်ရှင်မဲ့ရုပ်အလောင်းအဖြစ် PR-10 နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ဌာနီရှေ့ လူမှုကယ်ဆယ်ရေးအသင်းက ‌ပို့ဆောင်ပေးခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက် မနက် ၅ နာရီခွဲလောက်ကလည်း ချမ်းမြသာစည်၊ ၅၄ လမ်းနဲ့ ၁၁၀(စီ) လမ်းထောင့်မှာ လည်ပင်း ထိုးသွင်းဒဏ်ရာနဲ့ လူတဦး လဲကျသေဆုံးနေပြီး ဆိုင်ကယ်တစီးပါ လုယက်ခံခဲ့ရပါတယ်။

မြရည်နန္ဒာအသင်းဝင်တဦးက “လည်ပင်းမှာ ထိုးသွင်းဒဏ်ရာနဲ့ လဲကျနေတာ။ သူ့အိမ်နဲ့ဆို သိပ်မဝေးဘူး။ မိသားစုတွေပြောတာတော့ ဆိုင်ကယ်နဲ့ ထွက်သွားပြီး အခုလိုဖြစ်တာလို့ ပြောတယ်” လို့ ဆိုပါတယ်။

သေဆုံးသူဟာ ‌ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်းမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုနေလင်းအောင်လို့ သိရပြီး မနက်အစောပိုင်း ၅ နာရီလောက်က ဆိုင်ကယ်နဲ့ ထွက်ခွာသွားရာမှ နေအိမ်နဲ့ ၁ လမ်းအကွာမှာ ဆိုင်ကယ်ပျောက်ဆုံးပြီး အသတ်ခံထားရတာ ဖြစ်ပါတယ်။

သေဆုံးသူရုပ်အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲဌာနကို မြရည်နန္ဒာအသင်းယာဉ်နဲ့ ပို့ဆောင်ပေးထားတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလဆန်းပိုင်းကလည်း မန္တလေးမှာ ဆိုင်ကယ်၊ ဖုန်းတွေကို ဓားထိုးလုယက်ခံရမှု ၄ ကြိမ် ဖြစ်ပေါ်ခဲ့ရာမှ လုယက်သူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024