DVB Logo
Home
မြန်မာသတင်း
မီးနင်းချောင်းဂိတ်တွင် ယာဉ်မောင်း ၁ ဦးပစ်ခတ်ဖမ်းဆီးခံရ
DVB
·
September 24, 2023
မီးနင်းချောင်းဂိတ်တွင် ယာဉ်မောင်း ၁ ဦးပစ်ခတ်ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်နဲ့ ပဲခူးတိုင်းနယ်စပ် မီးနင်းချောင်းစစ်ဆေးရေးဂိတ်မှာ အရပ်သား ယာဉ်မောင်း တယောက်ကို စက်တင်ဘာ ၂၃ ရက်နေ့မှာ စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့တွေက သေနပ်နဲ့ပစ်ပြီး ဖမ်းဆီးသွားတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရသူဟာ အရင်ကတည်းက Express ကားမောင်းခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဆန်းပိုင်းလောက်ကတည်းက ပုဒ်မ(၅၀၅)နဲ့ ဝရမ်းထုတ်ခံထားရသလို သူ့အိမ်ကိုလည်း စစ်ကောင်စီတပ်တွေဝိုင်းပြီး ဖမ်းခဲ့သေးတယ်လို့ နတ်တလင်းမြို့နေသူတယောက်က ပြောပါတယ်။

သူက ထွက်ပြေးလွတ်မြောက်သွားပြီး သူ့ကို မမိတာကြောင့် သူ့အဖေကို ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာမှ ပြန်လွှတ်ပေးခဲ့တာလို့လည်း ပြောပါတယ်။

“သူကတော့ အဲဒီကတည်းက ရှောင်နေတာ။ ကားလည်းဆက်မမောင်းတော့ဘူး။ သူ့တို့အိမ်ကိုလည်း ချိပ်ပိတ်လိုက်တယ်။ အခု သူ့အမေက ခေါင်းမှာ အကြိတ်ခွဲရတော့ ငွေကြေးက အဆင်မပြေကြဘူးလေ။ အခုက စားဖို့တောင်အနိုင်နိုင်ဖြစ်နေတော့ သူလည်း ကားပြန်မောင်းရတာ။ အဲဒါကို မီးနင်းချောင်းဂိတ်မှာ သတင်းရပြီးစောင့်ဖမ်းတာ။ ဖမ်းတော့ သူကထွက်ပြေးဖို့ လုပ်တော့ စစ်ကောင်စီတပ်သားတွေက သေနပ်တွေနဲ့ လိုက်ပစ်တာ။ ပေါင်မှာ တချက် ဗိုက်မှာတချက် သေနတ်မှန်သွားပြီး မိသွားတယ်။ သူ့အဖေ ကတော့ လိုက်စုံစမ်းနေတာ။ အခုထိ သေမသေလည်း မသိရသေးဘူး။ ဘယ်မှာ ဖမ်းထားလဲဆိုတာလည်း မသိရသေးဘူး။ အမေလုပ်သူက ခေါင်းလည်းခွဲထားတော့ သူ့သားစိတ်နဲ့ သိပ်အခြေအနေ မကောင်းဘူးပေါ့။ အရမ်းတွေလည်း ဒုက္ခ ရောက်နေကြတာ” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခံရသူဟာ နတ်တလင်းမြို့နယ်၊ ကြွက်နွယ်တောကျေးရွာက ခေါင်းကြီး(ခေါ်)ကိုဖြိုး‌ဝေဦးဖြစ်ပြီး သူ့ကို ဖမ်းဆီးခဲ့တုန်းက မမိတဲ့အတွက် အိမ်ကို ချိပ်ပိတ်ခဲ့သလို သူစီးတဲ့ ပရာဒိုကားကိုလည်းသိမ်းသွားပြီး အဲဒီကားကို မြို့နယ်ရဲမှူးကစီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးနင်းချောင်းဂိတ်အနီးနေသူတယောက်ကတော့ သူနဲ့အတူ ကိုအရိုးဆိုသူလည်း အဖမ်းခံထားရတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013