
ဗင်နီဇွဲလားအစိုးရဟာ ထရန်ဒေ အာရာဂွါလို့ လူသိများပြီး အန္တရာယ်ရှိတဲ့ ရာဇ၀တ်ဂိုဏ်းကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖျက်သိမ်းပြီးတဲ့နောက် သူတို့ ကြီးစိုးခဲ့တဲ့ တိုကိုရွန်ထောင်ကို စက်တင်ဘာ ၂၃ ရက်မှာ ဖွင့်လိုက်ပြီလို့ ဝန်ကြီး တဦးက ပြောပါတယ်။
ကာရာကတ်စ်မြို့တော်ရဲ့ အရှေ့တောင်ဘက်က တိုကိုရွန်မြို့မှာ ရှိတဲ့ အာရာဂွါ ထောင်အတွင်း လေ့လာရေး ခရီးမှာ ပြည်ထဲရေး၀န်ကြီး ရေမီဂျီယို ဆက်ဘိုင်းယပ်စ်က လုံခြုံရေးတပ်ဖွဲ့တွေ စီးနင်းမှုအတွင်း လွတ်သွားတဲ့ ဂိုဏ်းဝင် ၈၈ ယောက်ကို ကိုအာဏာပိုင်တွေက ခုသီတင်းပတ် အတွင်း ပြန်ဖမ်းမိပြီလို့ ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထရန်ဒေ အာရာဂွါ ရာဇ၀တ်ဂိုဏ်းက လှုပ်ရှားနေတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောင်ကို ဗုဒ္ဓဟူးနေ့မှာ ဝင်စီးနင်း ခဲ့တယ်လို့ ဗင်နီဇွဲလားအစိုးရက ပြောပါတယ်။
အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသား ၁၆၀၀ ထဲက တချို့ကို တခြားအကျဉ်းထောင်တွေဆီ ပြောင်းရွှေ့ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
လက်နက်တွေနဲ့ ကျည်ဆန်တွေ အမြောက် အများကို သိမ်းဆည်းရမိခဲ့တဲ့ တိုကိုရွန်ထောင်ဆီ အရာရှိ အယောက် ၁၁၀၀၀ လောက် တာဝန်ချထားတယ်လို့လည်း အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ဗင်နီဇွဲလား အကျဉ်းထောင်တွေ ထဲမှာ အကျဉ်းသားတွေဟာ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေ၊ မိုဘိုင်းလ်ဖုန်းတွေနဲ့ အင်တာနက် နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာတွေကို အလွယ်တကူ သုံးနိုင်တဲ့ အတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
သူတို့ဟာ ငွေညှစ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် လူကုန်ကူးခြင်းစတဲ့ ရာဇ၀တ်မှုတွေအတွက် ဒီပစ္စည်း တွေကို မကြာခဏ သုံးလေ့ရှိပါတယ်။
ဒီထောင်ဟာ ဗင်နီဇွဲလားမှာ အကြမ်းတမ်းဆုံး အကျဉ်းထောင်တွေထဲက တခုအဖြစ် သတ်မှတ်ခံ ထားရပြီး ထောင်ထဲကနေ ရာဇ၀တ်မှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ထရန်ဒေ အာရာဂွါ ဂိုဏ်းက စီမံခန့်ခွဲရေး ဗဟိုချက် အဖြစ် အသုံးပြုခဲ့ပါတယ်။
Source/Photo-Reuters










