Home
ဆောင်းပါး
ဗေဒါပန်းတို့ လန်းစို့လေ
DVB
·
September 23, 2023

စုန်ဆန်ခရီး၊ ဘယ်မညည်းပဲ

အံကိုခဲကာ၊ ချီလေရှာသည့်

ဗေဒါပန်းသို့၊ လန်းလို့နေမှ

လိပ်ပြာလှလှ အိမ်ပြန်ရလိမ့်။    ။

“ဗေဒါ” ဆိုတာ သူရဲကောင်းတွေရဲ့ ပြရုပ်၊ လောကဓံရဲ့ မှတ်ကျောက်၊ လူသားတို့ရဲ့ စံပြပင် ဖြစ်ပါတယ်။ ခက်ခဲပင်ပန်းမှုတွေကို  ကြုံတွေ့ရတိုင်း ဗေဒါကို မြင်ယောင်ရင်း ခံခဲ့ကြရစမြဲပင်။

အမျိုးစုံတဲ့ ဒုက္ခဆင်းရဲတွေကြားမှာ  ကျမတို့ဟာလည်း ဗေဒါပန်းလိုလန်း ပန်းပန်မြဲဖြစ်ဖို့ မဖြစ်မနေ ကြိုးစားကြရပါမယ်။ ၂၁ ရာစု မြန်မာတွေဟာ ကိုဗစ်ရောဂါ ကပ်ဆိုးကိုတောင် ကျော်လွှားနိုင်ခဲ့တဲ့ ဗေဒါအလှတွေပဲ ဖြစ်ပါတယ်။ ဒီဗေဒါမတွေဟာ  ကပ်ရောဂါထက် ဆိုးတဲ့ စစ်ရောဂါကပ်ဆိုးရဲ့ဒဏ်ကို အလူးအလဲ ခံစားနေကြရရှာပါတယ်။

ကိုဗစ်ကပ်ရောဂါဟာ ထိတွေ့မှု ပတ်ဝန်းကျင်ရှိမှသာ ကူးစက်နိုင်ပေမဲ့ စစ်ရောဂါ ကပ်ဆိုးဆိုတာကတော့ ကမ္ဘာ့ဘယ်နေရာမှာ ကျရောက်နေပါစေ၊ ချစ်တတ်သူတိုင်းအတွက် စိတ်နှလုံးကြွေပြုန်းမတတ် နုံးချိခံစားကြရတာဟာ ကပ်ထက်ဆိုးတဲ့ ကပ်ဆိုးပါ။ ဒီကပ်ဆိုးအောက်မှာ အံခဲနေဆဲ ဗေဒါတွေရဲ့ ဝိ‌သေသလက္ခဏာတွေဟာ ရေးလို့မကုန် ဆိုလို့မခန်း အံ့ချီးဖွယ်ဘနန်းပဲ မဟုတ်ပါလား။

လက်ရှိအခြေအနေမှာ ပြည်သူလူထုဟာ စား၊ ဝတ်၊ နေရေး အခြေခံလိုအပ်ချက်အတွက်တောင် ခက်ခဲပင်ပန်းမှုဒဏ်ကို ခါးစည်းခံနေကြရပါတယ်။ ဆန်၊ ဆီကိုတောင် ပူပင်ကြရတဲ့ ခံစားချက်ဟာ ကြုံဖူးမှသာ သိနားလည်လာကြရပါတယ်။ လူ့ဂုဏ်သိက္ခာ ကျဆင်းစွာ ရှာဖွေ စားသောက်နေကြရပါတယ်။ ဘယ်အချိန် ဘေးကြုံမယ် မသေချာတဲ့ ကျီးလန့်စာစား ဘဝတွေပါ။ ဆိုးလှပေစွ။ ဒါပေမဲ့ ထိုင်ညည်းနေရုံနဲ့ ထူးလာဖွယ်မရှိပါဘူး။ ထိုင်ရာကနေ  နိုင်ရာကစ၊ တယောက်ကိုတယောက် ဖေးကူကာ ပန်းတိုင်ဆီသို့ ဦးတည်ကြရပါမယ်။ ပိုဆိုးတာက အသားထဲက လောက်ထွက်၊ ကိုယ့်လူ သူ့ဘက်သား၊ ဝိသမလောဘသားတွေရဲ့ ပန်းတိုင်ကို ဝေဝါးစေတဲ့ အနှောင့်အယှက်တွေပါ။ သူတို့ကြောင့် ခရီးဟာ ရှေ့ကို နှောင့်နှေးစေပြီး ပင်ပန်းရုန်းကန်နေကြသူတွေကို  စိတ်အနှောင့်အယှက်ဖြစ်စေကာ ရန်သူကို ဝမ်းသာစေပါတယ်။ ဒီအခြေအနေမှာ မကောင်းသူဂျောင်း၊ ကောင်းသူပေါင်းကာ ရှေ့သို့ ရွေ့ဖို့ ကြိုးစားကြပါစို့။ သူ့သမိုင်း သူပင်။ တို့သမိုင်းသာ တို့လှအောင် ကကြရပါမယ်။

ဘဝမှာ ခံနိုင်ရည်ရှိအောင် ကိုယ့် ကိုယ်ကိုယ် ပြုစုပျိုးထောင်ခြင်းက အလွန်အကျိုးရှိပါတယ်။ ခံနိုင်ရည်ရှိမှုဆိုတာ အခက်အခဲတွေကနေ ပြန်လည်တွန်းလှန်နိုင်မှု၊ အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ စိတ်ဖိစီးမှုနဲ့ စိန်ခေါ်မှုတွေကို ထိထိရောက်ရောက် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတွေဟာ ခံနိုင်ရည်ရှိဖို့ အရေးကြီးတဲ့ အကြောင်းရင်းတချို့ပဲ ဖြစ်ပါတယ်။

 လက်ရှိအခြေအနေမှာ ကျမတို့အားလုံး ခံနိုင်ရည်ရှိဖို့ အရေးကြီးပါတယ်။

ခံနိုင်ရည်မရှိရင် ဘာဖြစ်မလဲ။ ခေတ်စကားနဲ့ပြောရလျှင် တော်ရုံ ခံနိုင်ရည်မျိုးနဲ့ဆို “ရူးတောင်သွားအုံးမယ်”လို့ ပြောလိုက်ချင်ပါတယ်။ ငဗစ်ကြောင့် စီးပွားရေးအခြေအနေ ယိုင်နဲ့ခဲ့ရ၊ ငစစ်ကြောင့် စီးပွားရေးအခြေအနေ ပြိုလဲခဲ့ရ၊ သူတလူ ငါတမင်းနဲ့ မတရားသိမ်းပိုက် နိုင်ထက်စီးနင်း ပြုခြင်းခံခဲ့ရမှုတွေကြောင့် ကျမအပါအဝင် လူတော်တော်များများဟာလည်း လဲကျပြိုလဲနေလို့ မရလို့ မာန်ခဲကာ မဗေဒါလို ဘဝနဲ့ မိသားစုအရေး၊ နိုင်ငံ့အရေးအတွက် ရှင်သန်နေကြရတာ မဟုတ်ပါလား။

ခံနိုင်ရည်ရှိတဲ့သူတယောက်ဟာ စိတ်ဖိစီးမှုကို စီမံခန့်ခွဲတတ်ရပါမယ်။ ဒါမှသာ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ တည်တည်ငြိမ်ငြိမ်ရှိပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် စိတ်ဖိစီးမှုရဲ့ ဆိုးကျိုးတွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ဘဝမှာ အပြောင်းအလဲတွေနဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ရတဲ့အခါ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့နဲ့ လက်ခံနိုင်ဖို့ လိုပါတယ်။ အခြေအနေအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ အတွေ့အကြုံတွေကနေ သင်ယူနိုင်ပြီး မတူညီတဲ့ အခြေအနေတွေမှာ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။

မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေး ရှိဖို့လည်း လိုအပ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ အခက်အခဲတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အခါ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် သင့်ရဲ့ပြောဆိုဆက်ဆံရေးနဲ့ ပဋိပက္ခဖြေရှင်းနိုင်မှု စွမ်းရည်တွေဟာ မရှိမဖြစ်လိုအပ်ပြီး မြှင့်တင်ပေးဖို့လည်း လိုအပ်ပါတယ်။

ခံနိုင်ရည်ရှိစွာ ရပ်တည်နေထိုင်ကြသူတွေ ဘယ်လိုနေထိုင်လဲ လေ့လာကြည့်တဲ့အခါ…

  • သူတို့မှာ မိတ်ဆွေတွေ၊ မိသားစု ဒါမှမဟုတ် လိုအပ်တဲ့အချိန်မှာ ဝိုင်းရံသူတွေ ရှိနေပါတယ်။
  • သူတို့ဟာ မိမိကိုယ်ကို ဂရုစိုက်တတ်ကြတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ သတိပဋ္ဌာန်နဲ့ အပန်းဖြေနည်းတွေလို လှုပ်ရှားမှုတွေကတဆင့် သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာရအောင် နေထိုင်တတ်ကြပါတယ်။
  • သူတို့မှာ ပြဿနာဖြေရှင်းတဲ့ စွမ်းရည်ရှိပြီး စိန်ခေါ်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပြဿနာတွေအတွက် အဖြေရှာနိုင်စွမ်းတွေ ရှိနေကြပါတယ်။
  • အတုယူရမယ့်အချက်က သူတို့မှာ အပြုသဘောဆောင်တဲ့ စိတ်ထားရှိပြီး အတွေးအမြင်တွေကို ပြန်လည်ပုံဖော်ကာ သင်ယူမှုနဲ့ ကြီးထွားမှုအတွက် အခွင့်အလမ်းတွေပေါ်မှာ အာရုံစိုက်နေတာပဲ ဖြစ်ပါတယ်။
  • လက်တွေ့ကျတဲ့ ပန်းတိုင်တွေရှိတာ၊ ဆုတ်ယုတ်မှုတွေကနေ သင်ခန်းစာယူတာ၊ ဆုတ်ယုတ်မှုတွေကို ရှုံးနိမ့်ခြင်းထက် သင်ယူမှုနဲ့ တိုးတက်မှုအတွက် အခွင့်အလမ်းတွေအဖြစ် ရှုမြင်တာ၊ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပြီး ခံနိုင်ရည်ရှိအောင် တည်ဆောက်နိုင်တာဟာလည်း သူတို့ရဲ့ အလွန်ကောင်းတဲ့ Social Skill လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီလူတွေလိုပဲ ကျမတို့ဟာလည်း ခံနိုင်ရည်အား မြှင့်တင်ဖို့နဲ့ ဘဝရဲ့ အတက်အကျတွေကို ပိုမိုထိရောက်စွာ လိုက်လျောညီထွေနေနိုင်ပြီး ခံနိုင်ရည်ရှိမှုဟာ အချိန်ကြာလာတာနဲ့အမျှ  ဖွံ့ဖြိုး အားကောင်းလာပြီး ရင့်ကျက်မှုအသွင်ပြောင်းကာ နေထိုင်နိုင်မှသာ ကြုံတွေ့နေရတဲ့ လောကဓံတွေကြားမှာ ကြံ့ကြံ့ခံနိုင်ကြမယ်  မဟုတ်ပါလား။

ဒီနေရာမှာ ဆရာတင်မိုး ရဲ့ ကဗျာလေးနဲ့ အားယူကြရအောင်ပါ။

"အောင်နိမိတ် အောင်စိတ်"

အနင်းခံရတဲ့မြက် ပိုသန်သတဲ့

အကျဉ်းစံရတဲ့ငှက် ပိုပျံနိုင်လိမ့်မယ်။

အခက်အခဲတွေ့က

ဖျက်ခွဲ ပစ်ကြလော့။

ရက်ရှည်ရကောင်းလားလို့

မျက်ရည် မကျနဲ့။

အံကြိတ်ပြီး အမောင်ဇွဲသန်မှ

အလံချိတ်ပြီး အောင်ပွဲခံရမှာ။

အကြောက်သန် အတွေးဖောက်ပြီး

နောက်ပြန်ပြေးပေါက် မရှာနဲ့။

ရှေ့ကိုသာ ဆက်လျှောက်

တစ်နေ့မှာ ရောက်မယ်။

မာန်ဇွဲတင်းအံခဲရင်း

အလံမလှဲခြင်း စိတ်ဓာတ်နဲ့

နိမိတ်ဖတ်ပြီး အောင်ပန်းခူး

စိတ်ကူးနဲ့ မြူးကြစို့။

တင်မိုး

၄-၁၀-၂၀၀၁ 

အချိန်တန်လို့ အိမ်ပြန်ကြတဲ့အခါ သိက္ခာမကျ လိပ်ပြာလှဖို့ ကြိုးစားကြရပါမယ်။ ကျမတို့ ပြည်သူတွေဟာ အောင်ပွဲရချိန်မှာ ဘာမှမမျှော်လင့်ဘဲ ရိုးသားစွာ အိမ်ပြန်ကြမယ့်သူတွေပဲ။ အိမ်က ထမင်းတလုတ်ကို အမြဲမျှော်လင့်နေသူတွေ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျမ နှစ်ခြိုက်စွာ အိပ်ပျော်ဖူးတဲ့ ရှားပါးလှတဲ့ ညတညမှာ ကျမ အိမ်ပြန်ရောက်သွားခဲ့ပါတယ်။ စုံလင်တဲ့ မိသားစုထမင်းဝိုင်းနဲ့ အေးချမ်းတဲ့ အိမ်ငယ်ကလေးဟာ အေးချမ်းပြည့်စုံလှပေစွ။ သိပ်မကြာခင် မြန်မာ‌ဗေဒါတို့ ဧကန်အမှန် အိမ်ပြန်ကြရပါစေ။    ။

သန့်ကေသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024