တော်လှန်ကဗျာဆရာကြီး တင်မိုး ကိုးဆယ့်သုံး

မွေးနှစ်ရာချီ၊ နီးခဲ့ပြီတည့်
ကဝိတဆူ၊ နေတမူသို့
ညီတူလနှယ်၊ တို့ကိုးကွယ်ရာ
ကဗျာဆရာ၊ မဟာတင်မိုး
တော်လှန်မျိုးစေ့၊ ချပျိုးခဲ့သူ
ကိုးဆယ့်သုံးနှစ်၊ မွေးနေ့ဖြစ်ပြီတကား။ ။
အဲ့သည်လို လေးလုံးစပ်ကလေးတွေကို ကျနော့်ကို သင်ပေးခဲ့သူက ဆရာတင်မိုးပါ။ ၄ - ၃ - ၂ တဲ့။ ၄ - ၃ - ၁ တဲ့။ ကဗျာ စပ်နည်းလေးတွေကို ရှင်းပြခဲ့တယ်။ ကံကြုံရင် ပြန်ဆုံကြရဦးမှာပေါ့ ဆိုတာက ဆရာတင်မိုးပြောလေ့ရှိတဲ့စကား။ ကျနော်တို့ တွေ့ခဲ့ကြတာက ရေခဲတောင်ပေါ်မှာ၊ အော်စလိုမြို့ နော်ဝေးနိုင်ငံ DVB အသံလွှင့်ရုံ။ ၁၉၉၉ ခုနှစ်။ တခြား ကဗျာဆရာတွေတော့ ကဗျာကို ဘယ်လိုရေးသလဲ မသိဘူး။ သူကတော့ စကားပြောရင် မရပ်တန်းပြောတယ်။ ပြောစရာကုန်သွားရင် ဆေးလိပ် မီးညှိသောက်တယ်။ စဉ်းစားတယ်။ ပြီးတော့ ထသွား၊ သူ့ ကော်ပီ စာအုပ်ကိုယူပြီး ကဗျာရေးတော့တာပဲ။ တခါတလေ သူများတွေ စကားပြောတာကို နားထောင်ရင်းက ဆရာတင်မိုး ထိုင်လျှက် အိပ်သွားတယ်။ ဆတ်ကနဲနိုးလာရင်တော့ စဉ်းစားတယ်။ ပြီးတော့ ထသွား၊ သူ့ ကော်ပီ စာအုပ်ကိုယူပြီး ကဗျာရေးတော့တာပဲ။ သူ့ကြည့်ရတာ ကဗျာရေးဖို့ကိုပဲ အမြဲစဉ်းစားနေပုံပါပဲ။ နော်ဝေးမှာ DVB အသံလွှင့်ရုံကိုလာပြီး သူက အသံလွှင့်တယ်။ နားတဲ့အချိန်တိုင်း ကဗျာရေးတော့တာပဲ။ DVB ရေဒီယိုကို ဂုဏ်ပြုတဲ့ ကဗျာတပုဒ်ကို ဆရာတင်မိုး ရေးခဲ့တယ်။ DVB ကဗျာပေါ့။ DVB အတွက် တခြားကဗျာဆရာ ဘယ်သူမှ မရေးဘူး။ (ကျနော်မသိတာလည်း ဖြစ်နိုင်ပါတယ်။) ဆရာတင်မိုးသာ DVB အသံလွင့် ဌာနကို ဂုဏ်ပြုပြီး ကဗျာရေးခဲ့တာ။ စကားမစပ် ကဗျာဆရာကြီး ဦးတင်မိုး သက်ရှိထင်ရှား ရှိနေသေးရင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ဟာ သူ့ရဲ့ ၉၃ နှစ်မြောက် မွေးနေ့ပါ။
နှင်းတောင်ပေါ်ကအသံ
တောင်ပေါ် တောင်ဆင့်၊ တောင်မြင့်မြင့်ထက်
တိမ်ပွင့် ထီးဆောင်း၊ တောင်နှာမောင်းဟု
တောင်စောင်း တောင်တန်း၊
တောင်ခါးပန်းဝယ်၊ တောထွေထွေသည်
တိမ်ခြေ ငွေနှင်းပေါင်းတို့နှင့် တကား။
အေးလည်းအေးမြ၊ သုညအောက်ရောက်
ငွေနှင်းစိုစွတ်၊ ငွေတောင်ထွတ်က
ပြိုညွတ်ကျလေ ယောင်တကား။
နော်ဝေ ဆွီဒင်၊ နှင်းတောင်မြင်၏
စကင်ဒီနေဗီယန်၊ နှင်းတောင်ယံက
အသံလွှင့်လှိုင်း၊ ငါတို့တိုင်းသို့
သမိုင်းသစ်ချီ၊ ဒီမိုကရေစီအတွက်
အောင်စည် ဟိန်းစေခဲ့ပြီတကား။ ။
(တင်မိုး)
၅၊ အောက်တိုဘာ၊ ၁၉၉၉ အင်္ဂါနေ့ နံနက်ခင်း
ဆရာ တင်မိုးအကြောင်း အလှုပ်ရှုပ်နေလို့ ဆက်မရေးဖြစ်ခဲ့ဘူး။ နိုဝင်ဘာ ၂၀ မှာ မွေးနေ့က တရက်လွန်သွားပေမဲ့ သူ့ရဲ့ အောက်ပါ ကဗျာလေးကို ဖတ်ရတော့ ဆက်ရေးဖြစ်သွားတယ်။ တိုက်ဆိုင်တာက ဒီ တပ်လှန့်သံ ကဗျာလေးကို ၂၀၀၁ နိုဝင်ဘာ ၂၈ မှာ ရေးခဲ့တာမို့ ကဗျာသက်တမ်း ၂၅ နှစ် ပြည့်နဲ့ တိုက်ဆိုင်နေတာပါ။ ဒီကဗျာ နွေဦးတော်လှန်ရေးကိုလည်း တပ်လှန့်တဲ့ ကဗျာပဲလို့ မှတ်ယူရင်လည်း ရနိုင်ပါတယ်။
"တပ်လှန့်သံ"
တခေတ်မှာ တဘုရင်
စစ်အာဏာရှင် ဗိုလ်နေဝင်းတဲ့
တို့တတွေရဲ့ သေမင်းပါပဲ
အလောင်းတွေခင်း ခေါင်းတွေနင်းပြီးတော့
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့တယ်။
တိုင်းရင်းသားတွေ အပေါ်မှာလည်း
အရိုင်းမင်းတပါးလို ကျင့်ကြံ
တာတေလန် ဖက်ဆစ်
ဆိုးညစ်ပေ့ ကမ်းကုန်
လမ်းမျိုးစုံ သောင်းကျန်း
ပေါ်တာထမ်း မလျော်ရာစခန်း
ဘော်ဒါလမ်းက တရွေ့ရွေ့
မရွှေ့ရင် မီးရှို့
သင်းတို့တတွေ ထင်ရာစိုင်း
ရိုင်းသမျှခံရတယ်။
အများအကျိုးအတွက်
တအားကိုးရမယ် မှတ်ပါ့
အစိုးရဆိုတာ သူခိုးဓားပြထက်
ဆိုးလှပါတကားလို့
တို့များအမြင်မှောက်
အထင်ရောက်ခဲ့ရပါတယ်။
ပြည်ထောင်စုသမိုင်းမှာ
ဒီကောင်လောက် ရိုင်းတာရှိမယ်မထင်ဘူး။
ပြည်ထောင်စုသား မျိုးမစစ်တဲ့
သူခိုးညစ်စစ်ဘုရင်
ဗိုလ်နေဝင်းရဲ့ တပည့်တပန်းတွေကို
အမြစ်အရင်းမကျန်တွန်းလှန်မှ
တို့တိုင်းပြည်အမှန်လှမှာမို့
မြန်မာတိုင်းရင်းသားအပေါင်း
လွတ်ကြောင်းအမှန်
ခွပ်ဒေါင်းအလံ လွှင့်ကြစို့။
ပြည်သူတွေ တခဲနက်
ညီညွတ်မှု လက်နက်နဲ့
ရက်မဆွဲဘဲ လက်တွဲတိုက်ပွဲဝင်ကြစို့။
သင်းတို့ တရက်အသက်ရှည်ရင်
ငါ့တို့အတွက် အသက်သေပြီ
ရတက်ပွေ အခက်ဝေလိမ့်မယ်။
ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့။ ။
တင်မိုး
၂၈/၁၁/၂၀၀၁
ဖလော်ရီဒါ ( "တင်မိုး" ၏ "စာတိုက်ပုံးသို့ " )
တင်မိုး ၉၃ မွေးနေ့အကြောင်း ပြောချင်တာကြောင့် အခု စာရေးနေပါတယ်။ တင်မိုး (၁၉ နိုဝင်ဘာ ၁၉၃၃ – ၂၂ ဇန်နဝါရီ ၂၀ဝ၇) ဟာ မြန်မာနိုင်ငံသား ကဗျာဆရာဖြစ်တယ်။ အမေရိကားမှာ စစ်အာဏာသား ဘေးလွတ်ရာသွားရင်းက ကွယ်လွန်ခဲ့တယ်။ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲရွာသား ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့ ဦးဘအို၊ ဒေါ်စံထယ်တို့က မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဘဂျမ်းတယ်ဆိုတာတွေက သိပြီးသားတွေပါ။ အခုပြောပြလိုတာက သူ့ရဲ့ ၃ ကြောင်းကဗျာတပုဒ်ကိုပါ။
စာတိုက်ပုံးသို့
ချစ်သူ့စာအိတ်
ရင်တွင်းသိပ်၍
တိတ်တိတ်မွှေးမှာစိုးမိတယ်။ ။
(တင်မိုး)
တင်မိုးရဲ့ သုံးကြောင်းကဗျာတွေဟာ ထင်ရှားပါတယ်။ သူဟာ ကဗျာပုဒ်ရေ ထောင်ချီရေးခဲ့သူ။ ကန်မြဲနန်းမြင့်နွယ်၊ စန်းရောင်၊ ကန်မြဲသက်နှင်း၊ ကိုရင်ဂျမ်း စတဲ့ ကလောင်ခွဲတွေ ရှိတယ်။ ကြုံတုန်း သူ့ရဲ့ နာမည်ကျော်လှတဲ့၊ အဓိပ္ပာယ်များစွာ စဉ်းစားစရာရှိတဲ့ သုံးကြောင်း ကဗျာတပုဒ်ကို ဖော်ပြပေးပါဦးမယ်။
ဧည့်သည်ကြီး
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါတော့။ ။
(တင်မိုး)
ဆရာ့ရဲ့ ကဗျာလေးတွေကို စဉ်းစားမိသမျှ ၉၃ မွေးနေ့ကာလမှ ဖော်ပြပေးနေတာပါ။ ကဗျာဆရာ သေရင် ကဗျာနဲ့ သရဏဂုံ တင်ရတယ် ဆိုသလိုပါပဲ။ ကဗျာဆရာ့ မွေးနေ့ရက်မှာလည်း သူ့ရဲ့ ကဗျာတွေကို ပြန်တင်ပြနေရတာပါ။ ဆရာတင်မိုးဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်နှစ်မှာ ဆုံးပါးသွားခဲ့တယ်။ ဒါပေမဲ့သူ့ရဲ့ တော်လှန်ကဗျာတွေကတော့ အခု နွေဦးအထိ တပ်လှန်နေဆဲပါ။ သူ့ရဲ့ တော်လှန်ရေး သတိရှိဖို့ ကဗျာတပုဒ်ကို အောက်မှာကြည့်။
“တော်လှန်ရေးသတိ”
အော်သံပေးပြီး
အပျော်ကြံပြေးတာ
တော်လှန်ရေး မဟုတ်ပါ။
ကျယ်ပြန့်တဲ့ ဉာဏ်ပညာ
ကြီးမားတဲ့ စေတနာ
ဒေါသမဲ့ မေတ္တာနဲ့
သစ္စာအတွက် အသက်ပေးတာ
လေးစားအပ်တဲ့တော်လှန်ရေးပါ။
နေရာတကာမှာ
မရေရာ ဇဝေဇဝါနဲ့
ဝေဒနာသည်တွေလည်း ရှိတတ်တာ။
အချိန်သမားတော်က
စိန်သွားပေါ်အောင် သွေးမှာမို့
အရေးတော်ပုံ အောင်မည်သာ။
လှေကြုံစီးသမားတွေက
ငွေပုံကြီး အနားမှာ
ရွှေဘုံထီးနဲ့ အလှမ်းကွာ။
အပျော်ကြံ မပြေးမိဖို့
တော်လှန်ရေးသတိရှိအောင်
မိမိကိုယ်ကို ဆုံးမပါ။ ။
တင်မိုး
နွေဦးတော်လှန်ရေးမှာ တော်လှန်သတိ ရှိကြဖို့ လိုနေပါပြီ။ ဒါကြောင့် ဆရာတင်မိုးရဲ့ အခုကဗျာလေးဟာ တော်လှန်လမ်းပြ ကဗျာတပုဒ်ပါ။ သူ့ရဲ့ အလားတူ တော်လှန်ကဗျာ များစွာရှိပါသေးတယ်။ နှစ်ပေါင်းများစွာ စစ်တပ်ဟာ ညအခါ နေအိမ်တွေကို ကျူးကျော်ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းချင်သလို ဖမ်းပါတယ်။ အခုအခါမှာဆို ပိုဆိုးနေပြီ။ အလားတူ ကဗျာကြီး တင်မိုးလည်း ခဏလိုက်ခဲ့ပါဆိုပြီး မျက်နှာစိမ်း ဧည့်စိမ်းတွေက ဝင်ခေါ်တာ ခံခဲ့ရပါတယ်။ အင်းစိန် နရသိန်မှာ ၄ ဝါဆိုခဲ့ရဖူးပါတယ်။
အတင့်ရဲသော ဧည့်စိမ်း
တားချင် ပါလျက် ၊ အတားခက်၏
နှင်ချင်ပါလျက်၊ အနှင် ခက်၏
မဖိတ်ဘဲလျှင်၊ အိမ်တွင်းဝင်သည်
အသင် ဘယ်က ဧည့်သည်နည်း။
ငါ၏နေရာ ၊ အလုံ ကာလျက်
ငါ့ပြတင်းများ၊ ပိတ်၍ ထားလျက်
ငါ့အနားတွင်၊ လက်နက် ဆင်လျက်
အသင် ဝံ့စွာ၊ ဝင်ရောက် လာသည်
ဘယ်ရွာကျေးက ဧည့်စိမ်းနည်း။ ။
(တင်မိုး) (၁၇- ၇- ၆၀)
ကဗျာဆရာတင်မိုးဟာ ၁၉၅၉ ခုနှစ်က ပထမဆုံး လုံးချင်းကဗျာစာအုပ် "ဖန်မီးအိမ်"နဲ့ စာပေဗိမာန်ဆုကို ရရှိခဲ့တယ်။ ‘ထီးကလေးနဲ့မနီ’ ကလေးကဗျာစာအုပ်နဲ့လည်း ၁၉၇၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု ရခဲ့သေးတယ်။ သူဟာ ကျောင်းဆရာ တယောက်။ ကျောင်းဆရာမှကို တက္ကသိုလ် ကျောင်းဆရာကြီးပါ။ လူထုသတင်းစာ အယ်ဒီတာလည်း ဖြစ်တယ်။ တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ် ထုတ်ဝေရေးဌာနရဲ့ စာပြု လက်ထောက်အယ်ဒီတာ စသဖြင့် ဂုဏ်ရှိလှတဲ့ ဆရာသမား တဦးပါ။ ဒါပေမဲ့စစ်အာဏာရှင်ကတော့ ဖမ်းတာပါပဲ။ နှိပ်စက်ခဲ့တာပါပဲ။ သူကလည်း ပြည်သူ့တော်လှန် ကဗျာတွေ ရေးတာကိုး။ ၁၉၉၁ ကနေ ၁၉၉၅ ခုနှစ်ကြား ထောင် ၄ နှစ် မချခင် ထောက်လှမ်းရေးက ကဗျာမရေးဖို့ တားမြစ်တဲ့ကြားက သူ ကဗျာတွေ၊ ရဲရဲတောက် ကဗျာတွေရေးခဲ့တာပါ။ ထောင်ကလွတ်ပြီးတော့လည်း ချော့တခါ ချောက်တမျိုးနဲ့ ကဗျာပိုး မထဖို့ တားခဲ့ပေမဲ့ သူကတော့ နောက်ဆုံးထွက်သက်အထိ တော်လှန်ကဗျာတွေကို မရပ်မနား ရေးလို့သွားပါတယ်။
"အမှောင်ပူရ"
ဆရာသမား
ထောင်ချထားသည့်
တရားမဲ့သော တို့တိုင်းပြည်။ ။
ဆရာသမားဖြစ်သူ ကဗျာဆရာကြီး တင်မိုးကို အင်းစိန်တောရ လေးနှစ်ချခဲ့ရတဲ့ အဓိက အဓိက အပြစ်ကြီးက "ဒေါ်အောင်ဆန်းစုကြည်" ကဗျာတွေ ရေးသားမှုပါ။ တင်မိုးကလည်း "အခုလိုမျိုးကောင်းအောင် စုလိုမျိုးခေါင်းဆောင် နောင် နှစ်တရာနဲ့မပေါ် ချစ်စရာကွဲနော်" ဆိုတာမျိုးတွေကို ရေးခဲ့ပါတယ်။ များစွာ များစွာ စုကဗျာတွေထဲက တပုဒ်ကို ဖတ်ကြည့်ပါ။
“စုရဲ့ အလင်းရောင်"
နှလုံးသားကို တံတားခင်း
မျက်ရည်နဲ့ ရင်းရတဲ့
လွတ်လပ်ခြင်း ဆိုတဲ့ဂုဏ်
ဒီမိုကရေစီ အရေးတော်ပုံမှာ ……… ။
ချစ်သူရဲ့ အလောင်းကို မပိုက်နိုင်ပေမယ့်
မြန်မာပြည်သူကို ရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက် ဦးမညွတ်
ကိုယ်ကျိုးကို စွန့်လွှတ်တဲ့
ခွပ်ဒေါင်း ဇာနည်
ဒေါ်အောင်ဆန်းစုကြည်ရဲ့
တည်ကြည် ရဲရင့်တဲ့ ဂုဏ်ဟာ
ကမ္ဘာမြေ တုန်လောက်ပါတယ်။
အာဇာနည် စိတ်ဓာတ်ကို
မှတ်ကျောက်တင် စမ်းသပ်လိုက်တဲ့
ဒီ ဖြစ်ရပ် ဒီလောကဓံကို
ကြံ့ကြံ့ခိုင် အနိုင်ယူပြီး
အောင်လံတလူလူ လွှင့်ထူလိုက်ပါတယ်။
သင့် အတွက်
ကျွန်ုပ်တို့ ကြေကွဲပါရဲ့
ဒါပေမယ့် ……
ရဲရင့်တဲ့ သင့်စိတ်ဓာတ်ကို
အလေးအမြတ် မပြုဘဲ မနေနိုင်။
အောင်ဆန်းသွေး အောင်ဆန်းစိတ်ဓာတ်နဲ့
မြင့်မြတ်မှု ဂုဏ်ရည်စုကို
အလေးအမြတ် မပြုဘဲ မနေနိုင်။
သင်ချစ်တဲ့ ခင်ပွန်းအတွက်
ကျခဲ့တဲ့ မျက်ရည်စက်များဟာ
တလက်လက် ထိန်တောက်နေတဲ့
စိန်ကျောက်ပမာ အရောင်ဖြာပြီး
မြန်မာပြည်သူတွေရဲ့ အောင်လမ်းကို
အရောက်လှမ်းနိုင်မယ့် လမ်းညွှန်ချက်အဖြစ်
ထွန်းလက်တောက်ပမယ်လို့
ကျွန်ုပ်တို့ မုချ ယုံကြည်ပါတယ်။
မြန်မာပြည်သူတို့ရဲ့ ခံစားမှုကို
ကိုယ်စားပြု ဦးဆောင်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလင်းရောင်ဟာ
အမှောင်ဟူသမျှ ဖြိုခွင်းပြီး
လွတ်လပ်ခြင်း ပန်းတိုင်ရောက်ပါစေ ။ ။
( ချစ်စွာသော …… ဒေါ်စု သို့ ………… )
(တင်မိုး)
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ မှာ ကဗျာဆရာကြီး တင်မိုးကို မွေးဖွားခဲ့တာ ၉၃ နှစ်ပြည့်ပါ။ သူ့ရဲ့ ၉၃ မွေးနေ့မှာ သူကား မရှိတော့ပါ။ ၂၀၀၇ ခုနှစ်ကတည်က ဆုံးပါးသွားခဲ့ပါပြီ။ နေဝင်သွားလည်း နေရောင်အရှိန်အဝှာတွေကတော့ ထွန်းလင်းနေတုန်းပါပဲ။ ဒီလိုပါပဲ သူ မရှိတော့ပေမဲ့ သူ့စာ သူ့တော်လှန်ကဗျာ သူ့လက်ရာတွေကတော့ နွေဦးတော်လှန်ရေးကို လမ်းပြရှေ့ဆောင်ဆဲပေါ့။ တင်မိုးရဲ့ "ပြည်သူသည်သာ အောင်နိုင်ရာသည် မဟာအင်အားအကြီးမားဆုံး” ဆိုတဲ့ သူကဗျာတပုဒ်ရဲ့ အဆုံးသတ်စာသားလေးတွေကို သူကိုယ်တိုင် ရွတ်ဆိုခဲ့သံကို ပြန်လည် ကြားယောင်နေဆဲပါ။ ။
မောင်တူး











