DVB Logo
Home
မြန်မာသတင်း
တစ်ဧက စပါးစိုက်စရိတ် ဆန်စပါးအသင်းချုပ်၏ ခန့်မှန်းတွက်ချက်မှု လက်တွေ့မကျဟု  တောင်သူများပြော 
DVB
·
September 23, 2023
တစ်ဧက စပါးစိုက်စရိတ် ဆန်စပါးအသင်းချုပ်၏ ခန့်မှန်းတွက်ချက်မှု လက်တွေ့မကျဟု  တောင်သူများပြော 
Donate to DVB

မြန်မာပြည်တွင်းမှာ တစ်ဧက စပါးစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ စပါးအမျိုးအစားကို လိုက်ပြီး ကျပ် ၆၅၈,၅၀၀ ကနေ ကျပ် ၈၄၀,၀၀၀ ပဲရှိတယ်လို့ ဆန်စပါးအသင်းချုပ်ရဲ့ ခန့်မှန်း တွက်ချက်မှုဟာ အမှန်တကယ် ကုန်ကျစရိတ်ကို ထင်ဟပ်ခြင်းမရှိဘူးလို့ တောင်သူလယ်သမားတွေက တုံ့ပြန်လိုက် ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဟာ ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ကို  တစ်ဧကအတွက် ကျပ် ၈၄၀၀၀၀ ၊ ဧရာ၀တီ ပေါ်ဆန်းစပါးကို တစ်ဧက ကျပ်  ၇၆၉၅၀၀ ၊ ဧရာမင်း ဧရာပဒေသာ စပါးကို ကျပ်  ၇၁၂၅၀၀ ၊ ရိုးရိုး ဧည့်မထ ဇီယာ/ ငစိန် စပါးတွေအတွက် တစ်ဧက ကျပ်  ၆၅၈၅၀၀ လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။

တစ်ဧက  ပျဉ်းမျှ အထွက် နှုန်းကိုလည်း  အနည်းဆုံး ၆၅ တင်းကနေ ၇၅ တင်းအထိ ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားတာပါ။ အမှန်တကယ် ထွက်ရှိတဲ့ စပါးအထွက်နှုန်းဟာလည်း အသင်းချုပ်က ခန့်မှန်းထားတဲ့ အထွက်နှုန်းလောက် မရှိဘူးလို့ တောင်သူတွေက ဆိုပါတယ်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်က စပါးစိုက် လယ်သမားတဦးက “တောင်သူတွေက အရင်းအနှီးတွေများတယ်လေ၊ မြေဆီဈေးတွေ အဆမတန် တက်တော့ တောင်သူတွေက မြေဆီတွေ မကြဲနိုင်ဘူး။ မကြဲနိုင်တော့ အချောဆိုရင် ခါတိုင်း တစ်ဧက ၅၀ သီးရင် ၄၀ လောက် သီးမယ်။တစ်ဧကမှ တင်း ၄၀ ပဲ ထွက်မှာ။ နောက်တစ်ချက်က  တောင်သူလယ်သမားတွေက ကိုယ့်ငွေနဲ့ ကိုယ်ရင်းတဲ့ လယ်သမားက နည်းတယ်လေ။ အတိုးနဲ့ ယူရင်း ရတာ၊ အဲတော့ တစ်ဧကကို ၈ သိန်းလောက်ကျတယ်။  ရမှာလည်း ဒီလောက်ပဲဆိုတော့ ဒုံရင်း ဒုံရင်းပါပဲ။ တောင်သူတွေ အတွက်ကတော့ အကျိုးအမြတ်  မရှိလှပါဘူး” လို့ ပြောပါတယ်။

ပဲခူးတိုင်း ရေတာရှည် မြို့နယ်မှာ ဧည့်မထ (နှံကောက်)စပါး စိုက်ပျိုးတဲ့တောင်သူ တစ်ဦးကလည်း အခုနှစ်မှာ  စိုက်ပျိုးရေး အထွေထွေကုန်ကျစရိတ်တွေက အရင်နှစ်ထက် ပိုမြင့်တက်နေတာကြောင့် အသင်းချုပ်ရဲ့ စပါးရည်ညွှန်းဈေး သတ်မှတ်နှုန်းဟာ တွက်ခြေမကိုက်နိုင်ဘူးလို့  ပြောပါတယ်။

"ဒီနှစ်က ရိတ်သိမ်းခ၊ လုပ်အားခတွေ ဆီဈေးတွေ တက်လာတယ်။ စက်ရိတ်ခကလည်း အရင်နှစ်က တစ်ဧက ကျပ် ခြောက်သောင်းခွဲ ဒီနှစ် ရှစ်သောင်းလောက်ဖြစ်မယ်ကြားတယ်။ မနှစ်ကဆို  ပေါ်ခါစက ၁၈ သိန်းရတယ်။ ဖြိုင်ဖြိုင်ပေါ်တော့ ၁၅ သိန်းလောက် ပေါက်တယ်။ ဒီနှစ် အသင်းရဲ့ သတ်မှတ်ဈေးနဲ့ဆိုရင် ဈေးကတအား ကွာသွားပြီ။အဲတော့ တောင်သူအတွက် မကျန်‌တော့ ဘူး‌လေ" လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အခုနှစ် မိုးစပါးအတွက်  စပါးတင်း ၁၀၀ ရည်ညွှန်းဈေးနှုန်းတွေကို ဧည့်မထ/ ငစိန် စပါး ဆိုရင် ကျပ် ၁၃ သိန်း ကနေ  ၁၅ သိန်း၊ ဧရာဝတီပေါ်ဆန်း စပါးအတွက် ကျပ် ၁၆  သိန်းကနေ ၁၈ သိန်း ၊ ရွှေဘိုပေါ်ဆန်း စပါးကို ကျပ်  ၁၈ သိန်းကနေ  ကျပ် သိန်း ၂၀ ၊  ဧရာမင်းနဲ့ ဧရာပဒေသာစပါးဆိုရင် ကျပ် ၁၆ သိန်းကနေ   ၁၈ သိန်း အကြား သတ်မှတ်ထားပါတယ်။

အဲဒီလို ရည်ညွှန်းဈေး သတ်မှတ်ရာမှ တောင်သူအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်အထက် အနည်းဆုံး ၅၀ ရာခိုင်နှုန်း အကျိုးအမြတ်ကို ထည့်သွင်းတွက်ချက်ထားပြီး ၊ စားသုံးသူ ပြည်သူတွေလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့  ဈေးနှုန်းတွေ ဖြစ်စေဖို့နဲ့ ပြည်ပတင်ပို့မှုရာမှာလည်း နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချနိုင်မယ့် ဈေးနှုန်းတွေ ဖြစ်စေဖို့အတွက် ရှေ့ရှု ဆောင် ရွက်ထားတာ ဖြစ်တာလို့  အသင်းချုပ်က ဆိုပါတယ်။

စပါးစိုက်တောင်သူ တစ်ဦးက “အခုခေတ်ဈေးတွေနဲ့က ဦးတို့အတွက်က သိန်း ၂၀ ဝန်းကျင်လောက်ရမှ အဆင်ပြေမှာ ဒါလယ်သမားတိုင်းပဲ။ စားသုံးသူကို မညှာလို့ ပြောတာ မဟုတ်ဘူး။ စားသုံးသူကိုလည်း သနားတယ်။ သို့သော် ဦးတို့ လယ်သမားတွေရင်းနေရတာလည်း အများကြီး ရင်းနေရလို့ တစ်ဧကကို ကျပ်  ၅ သိန်းခွဲ ၆ သိန်းကျမှတော့  အတိုးက တစ်သိန်းကျော်လောက် ကျတယ်။ ကျနော် တို့အတွက် ဘယ်လို ကျန်မလဲ။ ပင်ပန်းတာပဲ အဖက်တင်တာပါ” လို့  ဆိုပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ စပါး/ဆန် ရည်ညွှန်းဈေးတွေကို ဆန်စပါး ကုန်စည်ဒိုင်တွေနဲ့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းတို့က နှစ်ပတ် တစ်ကြိမ် ဒါမှမဟုတ် အခါအားလျော်စွာ သတ်မှတ် ထုတ်ပြန်ပေးမယ်လို့ သိရပြီး အဲဒီဈေးနှုန်းနဲ့ ဝယ်ယူဖို့ အခက်အခဲရှိရင်လည်း အသိပေးတင်ပြနိုင်တယ်လို့လည်း အသင်းချုပ်က ဆိုထားပါတယ်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်က စပါးစိုက်တောင်သူ တစ်ဦးက " တောင်သူဆိုတော့ သိတဲ့အတိုင်းပဲ ဒါလေးပေါ်မှ ဒါလေးရောင်းရတာဆိုတော့ ပေါက်ဈေးပဲ ရောင်းပြီး သုံးကြရတာကိုး။ တောင်သူအများစုက ဆင်းရဲတဲ့သူ များတယ်‌။ ကိုယ်အရင်းအနှီးနဲ့ ကိုယ်ထုတ်စိုက်ထားတဲ့ တောင်သူအတွက်တော့ ဒီဈေးက မဆိုးဘူးပေါ့။ ကျနော်တို့ တောင်သူတွေကတော့  အရင်းအနှီး မရှိတော့ မလှောင်နိုင်ကြဘူးလေ။ မလှောင်နိုင်တော့ သူတို့သတ်မှတ်တဲ့ဈေးနဲ့ပဲ ရောင်းချရမှာပဲ" လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း ပြည်သူတွေဟာ ငွေကြေးတန်ဖိုး ကျဆင်းတာ၊ ဝင်ငွေနည်းပါးတာတွေနဲ့ ရုန်းကန်နေရတဲ့ ကြားထဲမှာ ဆန်ဈေးမြင့်တက်နေလို့ ဆန်ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့နေရာမှာ နာရီပေါင်းများစွာ တန်းစီဝယ်ယူနေကြရတာလည်း ရှိပါတယ်။

စစ်ကောင်စီကတော့ မိုးစပါးပေါ်ချိန် ဆန်ဈေးကျဖို့ မျှော်လင့်နေပြီး   စပါးနယ်ကျော် သယ်ဆောင်မှု‌တွေအပေါ် စိစစ် ကန့်သတ်ထားသလို  ပြည်ပဆန်တင်ပို့မှုကိုလည်း လျှော့ချ ကန့်သတ်နေတယ်လို့ ဆန်ကုန်သည် အသိုင်းအဝိုင်းက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013