DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ဖုန်းနှင့် အင်တာနက် ကာလရှည်ဖြတ်ထားသဖြင့် ပြည်သူများ သတင်းသိပိုင်ခွင့် ဆုံးရှုံး 
ကေခိုင်
·
June 30, 2026
ရခိုင်တွင် ဖုန်းနှင့် အင်တာနက် ကာလရှည်ဖြတ်ထားသဖြင့် ပြည်သူများ သတင်းသိပိုင်ခွင့် ဆုံးရှုံး 
Donate to DVB

ရခိုင်ပြည်နယ်အတွင်းမှာ စစ်အာဏာရှင်တပ်ရဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ကာလကြာရှည် ဖြတ်တောက်ခံရမှုတွေကြောင့် မြေပြင်က ပြည်သူတွေရဲ့ သတင်းသိရှိပိုင်ခွင့် အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေရပါတယ်။

ရခိုင်က ဒေသခံတွေဟာ အင်တာနက် တခါသုံးခွင့်ရဖို့ တနာရီကို ကျပ် ၂,၀၀၀ ကနေ ၄,၀၀၀ ကြား ပေးသုံးနေရတဲ့အပြင်၊ တချို့ဝေးလံတဲ့ဒေသတွေမှာ ဆိုရင် လမ်းခရီးစရိတ် ကုန်ကျမှုတွေပါ ရှိနေပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ဆိုရင်လည်း အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတဲ့အတွက် သတင်းထက် စားဝတ်နေရေးကိုပဲ အဓိကထားပြီး တွေးတောနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ သတင်းအချက်အလက် ရရှိနိုင်မှုနဲ့ အလှမ်းဝေးကွာနေတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ရခိုင်ဒေသခံက ပြောပါတယ်။

ရခိုင်ဒေသခံတယောက်က “အင်တာနက်ဆိုင် တခါသွားရင် အင်တာနက်သုံးခလည်း ပေးရတယ်၊ လမ်းစရိတ်တို့လည်း ပေးရတဲ့ အခြေအနေမျိုးမှာ နေ့တိုင်းလိုလိုတော့ မသွားဖြစ်ကြဘူး။ စစ်ဘေးရှောင်စခန်းတွေမှာ ဆိုလည်း အလုပ်အကိုင် မရှိဘူး၊ ဝင်ငွေကလည်း မရှိဘူး။ ဆိုတော့ ဒီစစ်ဘေးရှောင်တွေက သတင်းတွေကို အချိန်နဲ့တပြေးညီ မသိရတဲ့ အခြေအနေမှာတော့ ရှိတယ်။ လိုင်းသုံးဖို့ မပြောနဲ့ဗျာ၊ ထမင်းတရက် နပ်မှန်အောင် ဘယ်လိုစားရမလဲ တွေးနေရတဲ့အချိန်မှာ သတင်းတွေက ဘာမှအရေးမပါတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ကျတော့ အင်တာနက်သုံးဖို့အရေးက တော်တော်လေးကို အလှမ်းဝေးသွားတဲ့ အခြေအနေမှာတော့ ရှိတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မြေပြင်မှာ သတင်းရယူတဲ့ သတင်းဌာနတွေအတွက်လည်း အရင်ကလို သတင်းရင်းမြစ်တွေ တည်ဆောက်ဖို့ ခက်ခဲလာသလို၊ ဖြစ်စဉ်တခု ဖြစ်ပွားပြီးပါက နောက်တနေ့လောက်မှ အခြေအနေ အလုံးစုံကို သိရှိရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အချိန်နဲ့တပြေးညီ မဖော်ပြနိုင်မှာကို စိုးရိမ်နေရတယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတခုရဲ့ အယ်ဒီတာတယောက်က  မြေပြင်က သတင်းရယူမှု အခက်အခဲတွေကို ပြောပြပါတယ်။

“အဓိက ရခိုင်မှာ ဖုန်းလိုင်းအင်တာနက်တွေ ဖြတ်တောက်ခံထားရတယ် ဆိုတော့ ပြည်သူတွေ သတင်းသိရှိပိုင်ခွင့် ဆုံးရှုံးနေတယ်။ ဒီလို အင်တာနက်၊ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့ အခြေအနေမှာ ကျနော်တို့ မြေပြင်မှာ သတင်းရယူမှုအပိုင်းတွေမှာလည်း ထိခိုက်မှုတွေ ရှိလာတယ်။ ကျနော်တို့ အရင်ကလို သတင်းရင်းမြစ်တွေ တည်ဆောက်ရတာ ခက်ခဲလာတယ်။ မြေပြင်က သတင်းတွေကို အချိန်နဲ့တပြေးညီ ကျနော်တို့ ရယူနိုင်ဖို့၊ ထုတ်လွှင့်တင်ဆက်နိုင်ဖို့ အပိုင်းတွေမှာလည်း တော်တော်ခက်ခဲလာတယ်ပေါ့နော်။ အဓိက ဖြစ်စဉ်တခု ဖြစ်တယ်ဆိုရင် ချက်ချင်း မသိနိုင်ဘူး။ အဲ ဖြစ်စဉ်ပြီးတဲ့ နောက်တနေ့လောက်မှ ကျနော်တို့ အလုံးစုံကို သိရတဲ့ အခြေအနေတွေ အနေအထားပေါ့နော်။ အဲဒီလိုအခြေအနေမှာ ဒီပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေက ပိုကြီးမားတယ်။ အချိန်နဲ့တပြေးညီ လူသားချင်းစာနာမှုအပိုင်းရော၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မဖော်ပြနိုင်ဘူးပေါ့နော်။”

ရခိုင်မှာ ၂၀၂၃ ခုနှစ် မြို့သိမ်းတိုက်ပွဲ မစတင်ခင်က သတင်းမီဒီယာတွေကို ပြည်တွင်းက ဒေသခံတွေ ကြည့်ရှုမှုနှုန်းက ၇၀ ရာခိုင်နှုန်းအထိရှိခဲ့ပေမဲ့ လက်ရှိမှာတော့ စစ်အုပ်စုရဲ့ ဖြတ်လေးဖြတ်စနစ်ကြောင့် ၃၅ ရာခိုင်နှုန်းအထိကို ကျဆင်းလာတယ်လို့ ရခိုင်က သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်တပ်ရဲ့ သတင်းအမှောင်ချမှုတွေကြောင့် ပြည်သူတွေဟာ သတင်းမှန် သိရှိနိုင်ခွင့် ဆုံးရှုံးနေရသလိုပဲ၊ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာလည်း ရေရှည်မှာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်တပ်အာဏာမသိမ်းမီ ကာလက သတင်းဌာန ၅၀ ရဲ့ လစဉ်ကြည့်ရှုမှု (View) ၄ ဒသမ ၇ ဘီလီယံအထိ ရှိခဲ့ပေမဲ့၊ ၂၀၂၆ ခုနှစ်မှာတော့ ကြည်ရှုသူ (View) ၂ ဒသမ ၄ ဘီလီယံအထိ ကျဆင်းသွားခဲ့တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့ ဇွန်လ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ရဲ့ ဒီဂျစ်တယ်ဖိနှိပ်မှုတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ပြင်းထန်စွာ ပိတ်ဆို့အရေးယူသင့်သလို၊ မီဒီယာလုပ်ငန်း ရေရှည်ရပ်တည်နိုင်ဖို့ ပံ့ပိုးကူညီမှုတွေ တိုးမြှင့်လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013