
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နဲ့ ပေါင်းတည်မြို့ကြားရှိ ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီစစ်ကြောင်းက ယာခင်းထဲ နှမ်းခြွေနေတဲ့ အမျိုးသား ၁ ဦးကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက် ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ပါတဲ့စစ်ကြောင်းက ယာခင်းထဲ နှမ်းခြွေနေတဲ့ အမျိုးသား ၁ ဦးကို ပစ်သတ်သွားတာလို့ ဆိုပါတယ်။
ရွာခံတဦးက "ဦးလေးက သူ့အလုပ်သူလုပ်နေတာ။ အဲ့ကောင်တွေ (စစ်ကောင်စီတပ်ဖွဲ့) ရှေ့ဆုံးကလာတဲ့ စစ်ကြောင်းက ရေတောင်းလို့ ရေတိုက်လိုက်သေးတယ်။ နောက်က ခွဲလာတဲ့ စစ်ကြောင်းက PDF တွေ အကြောင်းကိုမေးတော့ သူကမသိတာနဲ့ မသိဘူးဘဲ ပြောလိုက်တာ။ ခေါင်းကို သေနတ်နဲ့တေ့ပြီးတော့ ပစ်သွားတာ" ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ခေါင်းကိုတေ့ပစ်ခဲ့တာကြောင့် ယာခင်းထဲ နှမ်းခြွေနေတဲ့ ဒိုးနွယ်ရွာက အသက် ၅၀ အရွယ် ဦးမြအုန်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကြောင်း စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီလောက် ပေါက်ခေါင်းမြို့နယ်၊ တောင်လတ်ကြီးအုပ်စု၊ ဒိုးနွယ်ရွာတောင်ဘက်၊ ပန်းတင်နယ်ခြား နတ်စင်နားအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၃ လုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့ ပြည်သူ့ကာကွယ်ရေးတပ် (၃၆၀၁) PPDF တပ်ရင်း၊ တပ်ခွဲ ၁ က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Paungde People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Photo ပေါင်းတည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
—-----------------------------