DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ် ဖမ်းဆီး 
DVB
·
September 21, 2023
ကျိုက်ထိုဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ် ဖမ်းဆီး 
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အခုလဆန်းပိုင်းက ပျူစောထီးခေါင်းဆောင် ဒုဗိုလ်မှူးကြီး(ငြိမ်း) မိသားစု ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒုဗိုလ်မှူးကြီး(ငြိမ်း) ဦးအောင်လွင် မိသားစုကို စက်တင်ဘာ ၈ ရက် ညနေပိုင်းက ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ ဘူတာလမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့တခုက ပစ်ခတ်ခဲ့ပြီး သူ့ရဲ့ဇနီးဖြစ်သူ သေဆုံးခဲ့ကာ သားဖြစ်သူ အသက် ၇ နှစ်အရွယ် ကလေးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ စက်တင်ဘာ ၈ ရက် ညပိုင်းကစပြီး စက်တင်ဘာ ၁၉ ရက်အထိ ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၀ ဦးထက်မနည်း ရှိနေပြီး လူငယ်တွေက အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “အဖမ်းခံရသူက ၁၀ ဦးတောင် မကတော့ဘူး။ ပုံစံအမျိုးမျိုး စွပ်စွဲချက်အမျိုးမျိုးနဲ့ ဖမ်းဆီးတယ်။ လမ်းမှာ ဆိုင်ကယ်ဘောက်တွေ စစ်တယ်၊ ဖုန်းတွေယူစစ်တယ်၊ ဆိုင်ကယ် နှစ်ယောက်စီးလို့ ပစ်ခတ်ဖမ်းဆီးခံရတာလည်း ရှိတယ်” လို့ ပြောပါတယ်။

ဒုဗိုလ်မှူးကြီး(ငြိမ်း) မိသားစုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက တိုက်ခိုက်တယ် ဆိုတာကို မသိရသေးဘဲ ကျိုက်ထိုမြို့အခြေစိုက် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ကတော့ သူတို့အဖွဲ့က တိုက်ခိုက်တာမဟုတ်ဘဲ မဆိုင်တဲ့သူတွေ ဖမ်းဆီးခံနေရတဲ့အတွက် ပြုလုပ်ခဲ့တဲ့အဖွဲ့ကိုလည်း ထုတ်ပြန်စေချင်တယ်လို့ ဆိုပါတယ်။

KRF ပြန်ကြားရေးတာဝန်ခံက “ဖမ်းဆီးခံရသူတွေက လူငယ်ပိုင်းတွေ များတယ်။ တော်လှန်ရေးနဲ့ မပတ်သက်တဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး ၅၀၅(က) နဲ့ တရားစွဲထားတာတွေရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဒုဗိုလ်မှူးကြီး(ငြိမ်း) ဦးအောင်လွင်ဟာ ပျူစောထီးခေါင်းဆောင် တဦးဖြစ်သလို စစ်ကောင်စီ လော်ဘီချန်နယ်တခုဖြစ်တဲ့ အမဲလိုက်မုဆိုးချန်နယ်ကို လုပ်ဆောင်နေသူဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပစ်ခတ်မှုအပြီး စက်တင်ဘာ ၈ ရက် ညနေပိုင်းကစလို့ ကျိုက်ထိုမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာ လုံခြုံရေးတွေ တင်းကျပ်ထားကာ ဆိုင်ကယ် ၂ ယောက်စီးခွင့် ပိတ်ပင်ထားပြီး ရပ်ကွက်တချို့ကိုလည်း ဧည့်စာရင်းတွေ ဝင်စစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013