
ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာလမှာ တရုတ်နိုင်ငံဆီ သွားရောက်လည်ပတ်ဖို့ ဖိတ်ကြားမှုကို တရားဝင် လက်ခံလိုက်ပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ အောက်တိုဘာလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ တွေ့ဆုံဆွေးနွေးမယ်လို့ ပူတင်ရဲ့ မဟာမိတ်နဲ့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင် ပါထရူးရှက်ဗ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံက ကလေးတွေကို ပြည်နှင်ဒဏ်ပေးမှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ)က ဖမ်းဝရမ်းထုတ်ပြီးနောက် ပူတင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာမှာပါ။ အိုင်စီစီရဲ့စွဲချက်ကို ရုရှားသမ္မတနန်းတော် ကရင်မလင်က ငြင်းဆိုထားပါတယ်။
ပူတင်ဟာ စက်တင်ဘာ ၂၀ ရက်က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
အောက်တိုဘာလမှာ ကျင်းပမယ့် တရုတ်ရဲ့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းဆိုင်ရာ ညီလာခံဆီ နိုင်ငံပေါင်း ၉၀ တက်ရောက်ဖို့ အတည်ပြုခဲ့ပြီးပြီလို့ အခုလအစောပိုင်းမှာ တရုတ်နိုင်ငံက ပြောပါတယ်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ် ၂၁ ရာစု ပိုးလမ်းစီမံကိန်းဆိုင်ရာ ဖိုရမ်ဖြစ်တဲ့ (BRF) ကို ပေကျင်းမြို့တော်မှာ အောက်တိုဘာလ ကျင်းပမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ဟာ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်း (BRI) စတင်ချမှတ်တဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည်လည်း ဖြစ်ပါတယ်။
Source/Photo-Reuters










