DVB Logo
Home
မြန်မာသတင်း
ဒလ ကမ်းပါးပြိုကျမှုကြောင့်  လူပေါင်း ၃၅၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ 
DVB
·
September 21, 2023
ဒလ ကမ်းပါးပြိုကျမှုကြောင့်  လူပေါင်း ၃၅၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ 
Donate to DVB

ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၁၀ လုံးရေထဲမျောပါပြီး အမျိုးသမီး  ၁ ဦး သေဆုံး၊  ၂ ဦး ပျောက်ဆုံးနေကာ  လူပေါင်း  ၃၅၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ ထားရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ဒလမြို့နယ်၊ ဆာပါချောင်၊ ကျောင်းစုရပ်ကွက်၊ ဗိုလ်တထောင်ရေပိုင်နက် သုညမိုင်အနီး၊ တွံတေးတူး‌မြောင်းကမ်းပါး အလျားပေ ၁၃၀၀ ၊ အနံပေ ၆၀  လောက် မြေသားတွေ ပြိုကျပြီး မြစ်ထဲပဲ့ကျခဲ့တာ ဖြစ်ပါတယ်။

ကမ်းပါးပြိုကျချိန်မှာ အနီးဆုံးရှိနေတဲ့ သွပ်မိုး၊ ထရံကာအိမ် ၁၀ လုံးဟာ မြစ်ထဲမျောပါသွားပြီး အဆိုပါအိမ်တွေမှာ နေထိုင်နေကြတဲ့ လူ ၅ ဦးလည်း အိမ်တွေနဲ့အတူ ရေထဲမျောသွားရာမှ အမျိုးသမီး ၃ ကို ဆယ်ယူနိုင်ခဲ့ကာ ကျန် ၂ ဦးဟာ မြစ်ရေထဲ ရေနစ်ပျောက်ဆုံးနေပါတယ်။

အရပ်ဘက်ကယ်ဆယ်ရေးအသင်းဝင်တဦးက “လောလောဆယ် ကနဦးက အိမ် ၁၀ လုံးပါသွားတယ်။ ၁၀ ပေ လောက်ပဲ ကျန်တော့လို့ ရေတိုက်စားတာ မရပ်သေးတဲ့အတွက် ညချင်း ရွှေ့နေပါတယ်။ သွပ်အိမ်ကတော့ နှစ်အိမ်ပါတယ်။ မြစ်ကမ်းဘေးက အိမ်လေးတွေဆိုတော့ ထရံကာ၊ သွပ်မိုး၊ ပျဉ်ထောင်လေးတွေပါ။ တိုက်အိမ်လိုမျိုးတော့ မပါဘူး၊ ရေတိုက်စားပြီးရင် ထပ်ပြိုနိုင်ဖို့က ရှိပါတယ်။ အဲဒီအတွက် လူတွေတော့ ပြောင်းရွှေ့နေပါတယ်။ အိမ်တွေတော့ ထားခဲ့တယ်။ ဇီးရိုးမိုင်ရဲ့အစ ဆိပ်ကြီးခနောင်တိုနဲ့လည်း နီးတယ်၊ ရေထဲ ၃ ဦး ပြုတ်ကျတဲ့အထဲ အသက် ၄၂ နှစ် အမျိုးသမီးကတော့ ဆေးရုံမှာ သေဆုံးသွားပါတယ်။ အစားအသာက်ကတော့ ခေါက်ဆွဲခြောက်တို့၊ ပေါင်မုန့်တို့၊ ရေ၊ အအေးတို့တော့ ယူသွားပေးထားတယ်” လို့ ပြောပါတယ်။ 

ကမ်းပြိုကျမှုကြောင့် ကျောင်းစုဆိပ်ရှိ အိမ်ခြေ ၈၄လုံးမှ အိမ်ထောင်စု ၉၆ စု၊ အမျိုးသား ၁၇၅ ဦးနဲ့ အမျိုးသမီး ၁၇၇ ဦး စုစုပေါင်း လူဦးရေ ၃၅၂ ဦးတို့ဟာ ဘေးလွတ်ရာကို အရေးပေါ်ပြောင်းရွေ့နေထိုင်ခဲ့ကြပြီး ရေမျောရာမှ ပြန်ဆယ်နိုင်ခဲ့တဲ့ အမျိုးသမီး ၃ ဦးအနက် အသက် ၄၂ နှစ်အရွယ် ဒေါ်သန္တာစိုးကတော့  ဒလဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ 

အဆိုပါနေရာကို ဒလမြို့နယ်မီးသတ်၊ ကြက်ခြေနီအဖွဲ့နဲ့ အတူ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ရန်ကုန်ဘက်ခြမ်းက အရပ်ဖက်ကယ်ဆယ်ရေးအသင်းတွေ လာရောက်ကူညီကယ်ဆယ်ခဲ့ ပါတယ်။

ဒလမြို့နယ်ဒေသခံတဦးက“ ပြန်ဆယ်လို့ရတာက အဖွားကြီးတယောက်နဲ့ ကလေးတယောက်၊ သေဆုံးသွားတာက လူလတ်ပိုင်း အမျိုးသမီးပါ၊ ကွန်ကရစ်လမ်းခင်းထားတာ ရှိတယ်၊ အဲ့ဒီလမ်းပါ ပါသွားတာ၊ မြစ်ကမ်းစပ်က ကျူးတဲလို အိမ်တွေ ပါကုန်တာ၊ တချို့အိမ်တွေဆို တဝက်နီးနီးလာက် ပါတဲ့ အိမ်တွေလည်း ရှိတယ်။ မိုးထပ်ရွာလို့ ရေထပ်တက်လာရင်တောင် ထပ်ပြိုနိုင်ဖို့ ရှိပါတယ်။ အခုပြိုနေတဲ့အခြမ်းရဲ့ ဘေးဘယ်ညာကို တမံတုတ်သလို လုပ်ထားလိုက်ပြီ၊ မြေသားတွေပဲ ရှိသေးတယ်၊ အဲ့ဒီနားက သိပ်ကပ်လို့ မရတဲ့ သဘောရှိပါတယ်၊ လမ်းက အရှည်ဆို ပေ ၁၀၀ ကျော် ၂၀၀ နီးပါးလောက် ရှိမယ်၊ လောလောဆယ် အိမ်ပြိုလို့ ပြောင်းနေရသူတွေက ဘုန်းကြီးကျောင်းမှာ ရှိတယ်” လို့  ပြောပါတယ်။ 

အရေးပေါ်ပြောင်းရွှေ့လာရတဲ့ အိမ်ခြေ ၈၄ လုံးက နေထိုင်သူတွေကို ဒလမြို့နယ်၊ တာကြီးဘုန်တော်ကြီးကျောင်းနဲ့ ကျန်စစ်သားရပ်ကွက်၊ အောင်တော်မူကျောင်းတိုက်ထဲမှာ ယာယီနေရာချပေးထားပါတယ်။

ပြိုကျသွားတဲ့နေရာအနီးတဝိုက်ကို တာတမံတွေ လုပ်နေတယ်လို့ သိရတဲ့အပြင် မြစ်ရေ အတက်အကျအလိုက် ထပ်မံပြိုကျလာနိုင်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက စောင့်ကြည့် နေကြပြီး ရေဘေးသင့် လူ ၃၅၀ ကျော်အတွက် အစားအသောက်၊ ရေသန့်နဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013