
ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်သွားတဲ့ ဥရောပချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွေမှာ အာဆင်နယ် အသင်း အနိုင်ရခဲ့ပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ရှုံးပွဲတွေ့ခဲ့ပါတယ်။
အာဆင်နယ်က ဟော်လန်ကလပ် PSV အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပွဲစဉ် ၁ အပြီးမှာ အုပ်စု ပထမနေရာကနေ ဦးဆောင်နိုင်ခဲ့ပါတယ်။
မန်ယူအသင်းက ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီး ၄ ဂိုး ၃ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဒီပွဲမှာ တိုက်စစ်မှူးသစ် ဟွိုက်လန်းက အသင်းအတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်ယူအသင်းက နောက်ကျချေပဂိုးတွေကြောင့် တစ်ဂိုးအကွာနဲ့ပဲ ရှုံးနိမ့်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်း ပင်နယ်တီကနေ ၁ ဂိုးရခဲ့သလို ဂိုးသမားအိုနာနာ အမှားများခဲ့ပြီး ဘိုင်ယန်အသင်းရရှိတဲ့ ဦးဆောင်ဂိုးက အိုနာနာရဲ့ လက်ကနေ ထွက်ပြီး ဂိုးပေးလိုက်ရတာပါ။
တခြားပွဲစဉ်တွေမှာတော့ ရီးရဲလ်မက်ဒရစ်က အူယွန်းဘာလင်ကို ၁ ဂိုး ဂိုးမရှိ၊ နာပိုလီက ဘရာဂါကို ၂ ဂိုး၁ဂိုး၊ ဆဲလ်ဘက်က ဘင်ဖီကာကို ၂ ဂိုးဂိုးမရှိ ရလဒ်တွေနဲ့အနိုင်ရခဲ့ပါတယ်။
ဂါလာတာစာရေးနဲ့ ကိုပေဟေဂင်၊ ဆီဗီလာနဲ့ လန်းစ်၊ ဆိုစီဒက်နဲ့ အင်တာမီလန်တို့က သရေရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
Photo - Reuters










