DVB Logo
Home
မြန်မာသတင်း
ကေအန်ယူက တော်လှန်ရေးအတွက် အထူးအလေးထားရမည့်အဖွဲ့ကြီးဖြစ်ဟု NUG ယာယီ သမ္မတပြော
DVB
·
September 20, 2023
ကေအန်ယူက တော်လှန်ရေးအတွက် အထူးအလေးထားရမည့်အဖွဲ့ကြီးဖြစ်ဟု NUG ယာယီ သမ္မတပြော
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး-ကေအန်ယူဟာ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေကုတ် မြဲမြဲ ယူထားနိုင်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းကြီး တခုဖြစ်သလို နွေဦးတော်လှန် ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတခုဖြစ်တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

စက်တင်ဘာ ၂၀ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရနဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်တွေ ကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးမှာ ခုလိုပြောလိုက်တာပါ။

“ကျနော်တို့ နိုင်ငံရဲ့ ပထဝီမြေပုံကို ပုံကြမ်းချ လေ့လာကြည့်ရင် နိုင်ငံ့ရဲ့ အရှေ့ဘက်၊ အ နောက်ဘက်နဲ့ တောင်ဘက်၊ မြောက်ဘက်တို့မှာ အဓိက လက်နက်ကိုင်အင်အားစု ကြီး တွေရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ KNU ဟာ ကျနော်တို့ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေကုတ်မြဲမြဲ ယူထားနိုင်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်း ကြီးတခု ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အ စည်းကြီးတခု ဖြစ်သလို၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေး အတွက်လည်း အရေးပါတဲ့ အဖွဲ့အစည်းကြီးတခုဖြစ်ပါတယ်။ ဒီလို နားလည်သဘော ပေါက်ပြီး ကျနော်တို့ဟာ ပိုမိုကျစ်လစ်တဲ့ လူမျိုးပေါင်းစုံအုံကြွမှုကြီးကို ဝိုင်းဝန်းတည့် မတ်ကြဖို့ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အတွင်းမှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာ ကျစ်လစ်ရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စအဖြစ် ပါဝင်နေပါတယ်။”

ဒါ့အပြင် ကေအန်ယူက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း အမြော်အမြင် ကြီးတဲ့ နိုင်ငံတည်ဆောက်ရေးသဘောထားတွေကို အတူတကွ ဆွေးနွေးဖလှယ်ကြဖို့ လိုအပ်တယ်လို့လည်း NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“ကျနော်တို့တတွေဟာ အသေးအဖွဲသော ပုဂ္ဂိုလ်နိုင်ငံရေးတွေကို ကျော်ကြည့်ပြီး ကြီးမြတ်တဲ့ တိုင်းပြည်တည်ဆောက်ရေးသဘောတရားတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ဒီသဘောထားနဲ့ ရှေ့ဆက်တက်လှမ်းကြရင် ကျနော်တို့ဟာ အသေးအဖွဲသော နိုင်ငံရေးပြဿနာတွေကို ကျော်လွှားနိုင်စွမ်း ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

ဒါ့အပြင် NUG အစိုးရအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံ ညှိနှိုင်းရေးကိစ္စမှာလည်း “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။

“စစ်ကိုင်းတိုင်းဧရိယာကို ကြည့်ရင် နယ်မြေအရ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ပထဝီ အနေအထားကို တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်တဲ့ နေရာမှာလည်း အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော ပြည်မဧရိယာကြီးတစ်ခုအဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ တော်လှန်ရေးဇွဲနပဲလည်း ပြင်းပြထက်သန်လွန်းတာကို လေးစားဂုဏ်ယူဖွယ် တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းထဲက အင်အားစု အသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန် ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တခုလို့ ယူဆပါတယ်။ စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့အခါမှာ အထူး သတိ မူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျတို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိ ထားရမယ့်ကိစ္စလို့ ယူဆပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံ ရေးသဘောထားကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ရဲ့ စိတ်ကို ဖွင့်ထားပြီး ဒေသတွင်း အင်အားစု အသီးသီးကို လက်ကမ်းကြိုဆိုဖို့ လိုအပ်ပါတယ်။ လူထုကြားထဲက အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံ တဲ့အခါမှာ မိမိရဲ့ နိုင်ငံရေး အမြော်အမြင်ကြီးမှုနဲ့ မိမိတို့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုကို အခြေခံထားပြီး တွေ့ဆုံညှိနှိုင်းကြဖို့ ကျနော့်အနေနဲ့ အထူး တိုက်တွန်းလိုပါတယ်။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော်ပမာဏဖြစ်တဲ့ အယောက်   ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကတော့ အခု ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာထွက်ပေါ်ဖို့ အထူးမျှော်လင့်ထားပြီး “NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး” လို့လည်း ပြောထားပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013