
စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ အနောက်အာဖရိကဒေသ ဆာဟယ်နိုင်ငံ ၃ နိုင်ငံ ဖြစ်တဲ့ မာလီ၊ နိုင်ဂျာနဲ့ ဘာကီနာဖာဆိုနိုင်ငံတွေမှာ သူပုန်ထမှု ဒါမှမဟုတ် ပြင်ပရန်လိုမှုတွေ ရှိလာရင် အချင်းချင်း အကူအညီပေးဖို့ ကတိပြုတဲ့ လုံခြုံရေး သဘောတူညီချက်ကို စက်တင်ဘာ ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီသုံးနိုင်ငံဟာ အယ်လ်ကိုင်ဒါနဲ့ အစ္စလာမ္မစ် နိုင်ငံအမည်ခံ အိုင်အဲ့စ် စစ်သွေးကြွတွေနဲ့ ဆက်နွှယ်နေတဲ့ အစ္စလာမ္မစ် သောင်းကျန်းသူတွေကို ထိန်းကျောင်းဖို့ ရုန်းကန် နေရပြီး စစ်ခေါင်းဆောင်တွေ အာဏာရလာလို့ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။
နိုင်ဂျာနိုင်ငံမှာ နောက်ဆုံးအာဏာသိမ်းမှုကြောင့် ဒေသတွင်းအုပ်စုဖြစ်တဲ့ အနောက်အာဖရိက နိုင်ငံများ စီးပွားရေးအသိုက်အဝန်း အီကိုဝက်စ်အဖွဲ့နဲ့ အနောက်အာဖရိက နိုင်ငံသုံးနိုင်ငံကြား သပ်လျှိုသလို ဖြစ်ခဲ့တာပါ။
နိုင်ငံအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ စိုးမိုးရေးကို ပြန်ထူထောင်ဖို့ အင်အားသုံးမယ်လို့ အီကိုဝက်စ်က ခြိမ်းခြောက်ထားပါတယ်။ နိုက်ဂျာနိုင်ငံ တိုက်ခိုက်ခံရရင် မာလီနဲ့ ဘာကီနာဖာဆိုတို့က နိုင်ဂျာကို အကူအညီ ပေးမယ်လို့ ကတိပြုထားပါတယ်။
Source/Photo-Reuters










