အီရန်နိုင်ငံနဲ့ စစ်ပွဲအဆုံးသတ်ရေး ပဏာမသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးပြီ ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို မကြာခင် ထုတ်ပြန်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇွန် ၁၅ ရက် ဂျီဆဲဗင်း (G7) ထိပ်သီးဆွေးနွေးပွဲမှာ ပြောပါတယ်။
ထရမ့်ပ်က “သဘောတူညီချက်အားလုံးကို လက်မှတ်ထိုးပြီးပြီလို့ ပြောရတဲ့အတွက် အရမ်းဝမ်းသာပါတယ်” လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းနဲ့ တွေ့တဲ့အချိန်မှာ ပြောပါတယ်။
အဲဒီသဘောတူညီချက်ကို ဒေါ်နယ်ထရမ့်ပ်၊ ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘတ်ဖ် တို့က အွန်လိုင်းကနေ လက်မှတ်ထိုးခဲ့ကြတာပါ။
သဘောတူညီချက်အရ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက်ပေါင်း ၆၀ သက်တမ်းတိုးမှာ ဖြစ်ပြီး ဇွန် ၁၉ ရက်မှာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ရှိနေပါတယ်။
စာမျက်နှာ တမျက်နှာခွဲလောက်ရှိတဲ့ အဲဒီနားလည်မှုစာချွန်လွှာမှာ အီရန်အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှု ရပ်တန့်ဖို့ ပါဝင်တယ်လို့ ဂျေဒီဗန့်စ်က ဆိုပါတယ်။
အရေးကြီးဆုံးအချက်အနေနဲ့ အီရန်ဟာ နျူကလီးယားလက်နက် မထုတ်လုပ်ဘူးဆိုတဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ပေးရမယ်လို့ သူက ဆက်ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ သဘောတူညီချက် ရှိရှိ၊ မရှိရှိ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ပါကစ္စတန်နဲ့ ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ဒီသဘောတူညီချက်မှာ လက်ဘနွန်နိုင်ငံ အပါအဝင် စစ်မျက်နှာအားလုံးက စစ်ရေးလှုပ်ရှားမှုတွေကို အမြဲတမ်းရပ်တန့်ဖို့ ပါဝင်ပါတယ်။
အဲဒီသဘောတူညီချက်ကို ဇွန် ၁၉ ရက် ဂျီနီဗာမြို့မှာ တရားဝင် ထပ်မံလက်မှတ်ရေးထိုးမှာဖြစ်ပြီး အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေကို ဒီတပတ်မှာ စတင်ဖို့ ရှိနေပါတယ်။










