
မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရခဲ့တာက အံ့အားသင့်စရာရလဒ်တော့မဟုတ်ကြောင်း ဘရိုက်တန်နည်းပြဒီဇာဘီက ပြောသွားပါတယ်။
ဘရိုက်တန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာပါ။
ဘရိုက်တန်အသင်းက အသင်းကြီးတသင်းမဟုတ်ပေမဲ့ အိုးထရတ်ဖို့ဒ်ကွင်းမှာ မန်ယူနိုက်တက်ကို အနိုင်ရခဲ့တာက အံ့အားသင့်စရာရလဒ်တော့ မဟုတ်ကြောင်း နည်းပြဒီဇာဘီက ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။
နည်းပြဒီဇာဘီက“မန်ယူနိုက်တက်အသင်းရဲ့ ပြဿနာတွေကို ကျနော်မသိပါဘူး။ ကျနော့်အသင်းအကြောင်း ပဲရှင်းပြနိုင်ပါတယ်။ ကျနော့်အသင်းက ကစားနေကျပုံစံအတိုင်း ကစားနိုင်ခဲ့တာပါ။ သတ္တိရှိရှိနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် တလျှောက်လုံး ထိန်းချုပ် ကစားနိုင်ခဲ့တယ်။ အသင်းငယ်တသင်းကလည်း အနိုင်ရတတ်တာဖြစ်လို့ ဘောလုံးက နှစ်သက်စရာ ကောင်းပါတယ်။ ဘရိုက်တန်က အသင်းကြီးတသင်းတော့ ဖြစ်မလာသေးပေမဲ့ ဒီနိုင်ပွဲက အံ့အားသင့်စရာရလဒ်တော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ဘရိုက်တန်အသင်းဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ပရီးမီးယားလိဂ်မှာ မန်ယူနဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံးလေးကြိမ်စလုံး အနိုင်ရတဲ့ မှတ်တမ်းရရှိခဲ့ ပါတယ်။
Photo-Reuters











