DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဟု KNU တပ်မဟာ ၇ ထုတ်ပြန်
DVB
·
September 16, 2023
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဟု KNU တပ်မဟာ ၇ ထုတ်ပြန်
1 / 2
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၇ က ထုတ်ပြန်ကြေညာပါတယ်။

စက်တင်ဘာ ၁၄ ရက်စွဲနဲ့ ဒီထုတ်ပြန်ချက်ကို စစ်ကောင်စီဝါဒဖြန့် နိုင်ငံပိုင် သတင်းစာတွေမှာလည်း ဒီနေ့ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

တပ်မဟာ ၇၊ ဘားအံခရိုင်ရဲ့ ဥက္ကဋ္ဌ စောအောင်မော်ဧ လက်မှတ်ထိုးထားတဲ့ အဲဒီစာမှာ NCA ချုပ်ဆိုနိုင်ရေးနဲ့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာနိုင်ရေးဟာ ကေအဲန်ယူရဲ့ တစိုက်မတ်မတ် တောင်းဆိုလာရာက ဖြစ်လာခဲ့တာလို့ ဖော်ပြထားပါတယ်။

တပ်မဟာ ၇ အနေနဲ့ NCA စာချုပ်ကို ကေအဲန်ယူက တရားဝင်ပျက်ပြယ်တယ်လို့ ထုတ်ပြန်ကြေညာတာမရှိတဲ့အပြင် နယ်မြေဒေသတည်ငြိမ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် NCA ကို အခြေခံပြီး ပြည်သူ့အကျိုးကိုရှေးရှုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်က ကျင်းပတဲ့ KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ရဲ့ ပထမ ရက် ၁၀၀ ကာလ သတင်းစာရှင်းလင်းပွဲမှာတော့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက စစ်တပ်ဟာ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းချေ ဖျက်ဆီးလိုက်တာကြောင့် NCA နဲ့ပတ်သက်လို့ လိုက်နာစရာ အကြောင်းမရှိတော့သလို ဒီ NCA ဟာ မရှိတော့ဘူးလို့ ပြောထားပါတယ်။

စောအောင်မော်ဧကတော့ ကေအဲန်ယူ ကွန်ကရက်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းစဉ်၊ လုပ်ငန်းစဉ်နဲ့ ရှေ့လုပ်ငန်းစဉ်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာဖို့ အတိအလင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013