DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တော်လှန်ရေးတွင် မွန်ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တိုက်ပွဲဝင်ရန် တိုက်တွန်း 
DVB
·
September 14, 2023
စစ်အာဏာရှင်တော်လှန်ရေးတွင် မွန်ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တိုက်ပွဲဝင်ရန် တိုက်တွန်း 
Donate to DVB

ခေတ်သစ်မွန်တော်လှန်ရေးဟာ နှစ်ပေါင်း ၇၆ နှစ်တိုင်ကြာမြင့်ခဲ့ပေမဲ့ ကိုယ်ကံ ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အလှမ်းဝေးဆဲဖြစ်တာကြောင့် စစ်အာဏာရှင် ပြုတ်ကျရေးတိုက်ပွဲမှာ ရတောင့်ရခဲ အခွင့်အရေးကို အသုံးချပြီး မွန်ပြည်ထူ ထောင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်တိုက်ပွဲဝင်ပေးကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့အတွက် မွန်လူငယ်တစု စတင်တော်လှန်ခဲ့တဲ့ မွန်တော်လှန်ရေးဟာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့မှာ ၇၆ နှစ်တိုင်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန်တောရရှိ မွန်အာဇာကုန်းအပြင် မွန်လူမျိုးတွေ နေထိုင်ရာ နေရာဒေသ အများစုမှာ ကျင်းပပခဲ့ပါတယ်။

ဒီနှစ်မှာ ကျရောက်တဲ့ မွန်တော်လှန်ရေးနေ့ကိုတော့ တော်လှန်ရေးအင်အားကြီးမှ အမျိုးသားအခွင့်အရေး ပေါ်ပေါက်မယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးကတော့ တပြည်လုံး တော်လှန်နေတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲမှာ ရတောင့်ရခဲ အခွင့်အရေးကို အသုံးချပြီး မွန်ပြည်ထူထောင်နိုင်ရေးအတွက် မွန်ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်တိုက်ပွဲဝင်ပေးကြဖို့ တိုက်တွန်းပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း အမျိုးသားရေးတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ အစဉ်ဦးထိပ်ထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြ ည်ထောင်စုမှာ မွန်လူမျိုးတို့ကို ကိုယ်စားပြုတဲ့ ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်လာနိုင်ဖို့ အားထုတ် ကြိုးပမ်းနေတယ်လို့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ ကြေညာထားပါတယ်။

စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့ နောက်တစ်ခုဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းကတော့ ၇၆ နှစ်တိုင် အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိသေးတဲ့အတွက် ပြောင်းလဲလာတဲ့ နိုင်ငံရေး၊စစ်ရေး အခြေအနေ အရပ်ရပ်ကို လက်ဆုပ်လက်ကိုင်ပြုပြီး အမျိုးသားလွတ်မြောက်ရေးအတွက် မွန်ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ဖို့ တိုက်တွန်းတာပါ။

တကျော့ပြန် စစ်တပ် အာဏာသိမ်းမှုကြောင့် မွန်လူမျိုးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ကို နည်းလမ်းမျိုးစုံသုံးပြီး တော်လှန်နေပေမယ့် တဖက်မှာတော့ အစဉ်အလာကြီးတဲ့ မွန်လက်နက်ကိုင်အဖွဲ့ကြီးဖြစ်တဲ့ မွန်ပြည်သစ်ပါတီကတော့  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်ဆိုတဲ့ မူဝါဒကိုင်စွဲကာ စစ်ကောင်စီနဲ့ နေပြည်တော်မှာ ၆ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တာပါ။

မွန်လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကလည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံ ပါတီကိုယ်စားလှယ်နှစ်ဦး စေလွှတ်ထားပြီး နိုင်ငံရေးပြဿနာကို လွှတ်တော်လမ်းကြောင်းကနေ ဖြေရှင်းသွားမယ်ဆိုတဲ့ မူဝါဒနဲ့ စစ်ကောင်စီထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်တင်ထားပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ရဲ့ ရပ်တည်ချက်တွေကြောင့် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မွန်တော်လှန်ရေး အနှစ်သာရမဲ့လာတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ  နိုင်နဂါးက ပြောပါတယ်။

နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေး၊စီးပွားရေး၊ နိုင်ငံတကာရေးရာတွေမှာ ဘေးကျပ်နံကျပ် ဖြစ်လာသလို အလုပ်မဖြစ်တော့တဲ့ NCA စာချုပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို အမိအရ ဆုပ်ကိုင်ပြီး အာဏာတည်မြဲရေး ကြိုးပမ်းနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ထောက်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီကတော့ အမျိုးသားဒီမိုကရေစီလမ်းစဉ်အပေါ် ရပ်တည်ကာ အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒတို့ကို  လက်နက်ကိုင်တော်လှန်တိုက်ဖျက်ချေမှုန်းပြီး အမျိုးသား လွတ်မြောက်ရေးရရှိတဲ့အထိ ဆက်လက်ရုန်းကန် တိုက်ပွဲဝင်သွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013