
ဇူလိုင် ၃ ရက်မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်နေကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ၄ နှစ်တာ ဖြတ်သန်းရင်ဆိုင်နေရမှုတွေကို စုစည်းတင်ပြထားပါတယ်။
“ဘာကြီးညာကြီး မဟုတ်ရင်တောင်မှ ကျောင်းလေးတော့ ပြီးအောင်တက်ပြီး အေးအေးဆေးဆေးလေး နေထိုင်ချင်တာဆိုတော့ အချိန်တွေတော့ ကုန်သွားတယ်၊ ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုမှုတွေ ကုန်သွားတဲ့အတွက်ကြောင့် မို့လို့တော့ အဆင်မပြေဘူးပေါ့။ ပြီးတော့ ကိုယ်က အနုပညာတွေ ဝါသနာပါတယ်ဆိုတော့ ဆယ်လီဖြစ်ချင်တာတော့ မဟုတ်ပေမဲ့ ကိုယ့်ရဲ့ပုံမှန်အလုပ်ကလေးနဲ့ အေးအေးဆေးဆေးလေးဖြတ်သန်းချင်တဲ့အထဲမှာတော့ ပါတယ်။ တော်လှန်ရေးရှေ့ရောက်ဖို့ကိုပဲ ရှေးရူနေရတဲ့အတွက် ကိုယ့်ရဲ့ ပုံစံတွေ စိတ်ကူးဝါသနာတွေ လုပ်ချင်တဲ့ ပန်းတိုင် တွေကတော့ ဝေးသွားတာပေါ့နော်။”
အသက် ၂၀ အရွယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်ဖြေဖို့ စိတ်ကူးထားပေမဲ့ လက်တွေ့မှာတော့ လက်နက်ကိုင်တော်လှန်ရေးထဲမှာ ကိုယ်ရောစိတ်ပါနှစ်ပြီး ကိုယ်ဝါသနာပါရာတွေကို အဝေးမှာ ပစ်ထားခဲ့ရသူ မယ်ရီဖေးပါ။
“တပ်ထဲကို ဝင်ဖြစ်မယ်လို့ တခါမှမစဉ်းစားခဲ့ဖူးဘူးပေါ့ အပြင်မှာ စစ်သားတွေ ရဲတွေ တွေ့ရင်တောင် ကိုယ်က ဝေးဝေးရှောင်တတ်တဲ့သူမျိုးဆိုတော့။”
လက်ရှိ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) မှာ ဘဏ္ဍာရေးနဲ့ ပြန်ကြားရေး တာဝန်နှစ်ခုစလုံးကို ယူထားပေမဲ့ သူ့အနေနဲ့ အခုလိုအခြေအနေဖြစ်လာမယ်လို့ တခါမှ မတွေးခဲ့ဖူးကြောင်း ပြောခဲ့တာပါ။
အသက် ၂၀ အရွယ် အမျိုးသမီးငယ်လေးတယောက်ရဲ့ အိပ်မက်တွေ ရိုးရှင်းခဲ့ပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းတဲ့အချိန်မှာတော့ အရာအားလုံးကို ပြောင်းလဲခဲ့ရတယ်လို့ မယ်ရီဖေးက ပြောပါတယ်။
“အာဏာမသိမ်းခင် အရင်ကာလတွေကဆို ဒီတိုင်း ကျောင်းတက်လိုက် ပေါ့ပေါ့ပါးပါးပဲ နေခဲ့တာပေါ့၊ အများကြီးလည်း မတွေးဘူး။ ဒီတိုင်း သူငယ်ချင်းတွေနဲ့ လျှောက်သွားပြီး အေးဆေးနေတယ်။ အာဏာစသိမ်းတော့ ဒီဟာကြီးကို လက်မခံဘူးဆိုပြီး ဆန္ဒဝင်ပြခဲ့တာပေါ့။ အဲဒါကိုမှ ကိုယ်တွေက ငြိမ်းချမ်းစွာဆန္ဒပြပေမဲ့လို့ အကြမ်းဖက် စစ်ကောင်စီက ချေမှုန်းတိုက်ခိုက်တာ၊ အကြမ်းဖက်တာတွေ လုပ်တဲ့အတွက် ဒီလိုတော့ ဆက်သွားလို့မရတော့ဘူး၊ လက်နက်ကိုင်တိုက်ပွဲဝင်မှပဲ ဖြစ်မယ်ဆိုပြီးတော့ နီးစပ်ရာအသိမိတ်ဆွေတွေနဲ့ ချိတ်ပြီးတော့ တောခိုခဲ့တာပါ။”
မယ်ရီဖေးလို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဆီဝင်ရောက်တာမျိုး မလုပ်ဆောင်ခဲ့ပေမဲ့ မြို့ပြမှာပဲ အထွေထွေ အကျပ်အတည်းတွေကို ရင်ဆိုင်နေရင်း အိပ်မက်တွေနဲ့ လူငယ်ဘဝတွေကို စွန့်လွတ်လိုက်ရတဲ့ လူငယ်အမျိုးသမီးတွေလည်း အများအပြား ရှိနေပါတယ်။
“တကယ်ကို လေးနှစ်ကျော်ကာလတုန်းကလေ ဒီလိုအခြေအနေတွေ ဖြစ်လာခဲ့မယ်လို့ လုံးဝမတွေးခဲ့မိဘူးပေါ့။ လူငယ်တယောက် ဖြစ်ချင်တာတွေ အရမ်းများခဲ့တယ်။ volunteer လည်း လုပ်ချင်တယ်၊ ပန်းချီတွေလည်း ဆွဲချင်တယ်၊ ပန်းချီပြခန်းတွေဆိုလည်း သွားချင်တယ်၊ ဂစ်တာတွေဆိုလည်းတီးချင်တယ်၊ အဲဒီလိုမျိုး လုပ်ချင်တာ တွေအများကြီး ရှိတယ်ပေါ့။ internship တွေလည်း ဆင်းချင်တယ်၊ Networking လုပ်တဲ့ conference တွေလည်း တက်ချင်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ကျောင်းလည်းမတက်ဖြစ်ဘူး၊ အလုပ်လည်း လုပ်နေရတယ်ဆိုတော့ အလုပ်မှာ ကလေးလိုမျိုးနေလို့မရတော့ဘူးပေါ့။ ကိုယ်တာဝန်ယူထားတဲ့ အလုပ်တွေလည်း ရှိတယ်၊ တာဝန်တွေ များလာတဲ့အခါကတော့ အရင်ကလို လူငယ်ပဲ ပျော်ပျော်ပါးပါးနဲ့ ပေါ့ပေါ့ပါးပါး သိပ်နေလို့မရတော့ဘူး။”
တက္ကသိုလ်ဝင်တန်းကို အရေးအသွေးပြည့်မီစွာ အောင်မြင်ခဲ့ပေမဲ့ ကိုဗစ်- ၁၉ ကြောင့် ကျောင်းတွေ ပိတ်ထားခဲ့တာနဲ့ အာဏာသိမ်းခဲ့တာကြောင့် တက္ကသိုလ်ကျောင်းသူ စိတ်ကူးတွေကို လက်လွှတ်ခဲ့ရတဲ့ ရန်ကုန်က ဆယ်ကျော်သက် အမျိုးသမီးတယောက်ပါ။
ဒါ့အပြင် ပြည်တွင်းမှာ နေ့စဉ်သွားလာနေမှု အခြေအနေတွေမှာလည်း စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ခံစားနေရကြောင်း ဆက်ပြောပါတယ်။
“အဓိက ကတော့ လုံခြုံရေးပြဿနာတွေ တယောက်တည်းသွားလာလို့ အဆင်မပြေတော့ဘူး။ အပြင်မှာရှိတဲ့ အမျိုးသမီးတွေလည်း ဒီလိုဒဏ်ကိုခံစားနေရသလို အကျဉ်းထောင်တွေထဲမှာရှိတဲ့ လူငယ်အမျိုးသမီးတွေဆိုရင်လည်း နှိပ်စက်ညှဉ်းပန်းမှုတွေ ခံစားရတယ်၊ အန္တရာယ်ဒုက္ခတွေ ကျန်းမာရေးအဆင်မပြေတဲ့ ဒုက္ခတွေကို ခံစားရတယ်ပေါ့။ ပြောရရင် လူငယ်တွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ အကုန်လုံးနီးပါး ဒီကာလမှာ ဆုံးရှုံးသွားကြရတယ်။ ပြီးတော့ ငွေကြေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာဆိုရင်လည်း ငွေကြေးဖောင်းပွမှုတွေကြောင့် အကုန်လုံးက ရုန်းကန်နေကြရတယ်။”
မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိတဲ့ နိုင်ငံစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်လို့ SEASIA ရဲ့ ၂၀၂၄ ခုနှစ် အချက်အလက်တွေကဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ အများအပြား ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၇၆ ယောက်လည်း ပါဝင်ပါတယ်။
အိပ်မက်တွေ စိတ်ကူးစိတ်သန်းတွေနဲ့ မိသားစုနဲ့အတူရှိနေခွင့်တွေကို စွန့်လွှတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံက လူငယ် အမျိုးသမီးတွေကတော့ လက်ရှိနေရာမှာပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစွာနဲ့ ကျတဲ့နေရာ ရောက်တဲ့အရပ်ကနေ စစ်အာဏာရှင်ကို ပုံစံမျိုးစုံနဲ့ ပုန်ကန်တော်လှန်နေကြဆဲဖြစ်ပါတယ်။
“ဂုဏ်ယူတယ်ပေါ့နော် ကိုယ့်ရဲ့ လုပ်ရပ်က မှန်ကန်တယ်လို့ အမြဲတမ်းခံစားရတယ်။ အပြင်မှာ အခုချိန်နေနေမယ်ဆိုရင် ငါလေလွင့်နေမှာပဲ ဆိုတဲ့စိတ်က အမြဲတမ်းရှိတယ်။ ဒီထဲမှာကတော့ အများကြီး ကိုယ့်ရဲ့ ability တွေလည်း ကောင်းလာတယ်၊ စိတ်နေသဘောထားတွေလည်း ပြောင်းလဲပြီးတော့ ကောင်းလာဖြစ်တဲ့အတွက် ဂုဏ်လည်း ဂုဏ်ယူတယ် အားလည်း အားရတယ်။”
AAPP ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၅ ဇူလိုင် ၂ အထိ အမျိုးသမီး ၆၁၁၅ ဖမ်းဆီးခံထားရပြီး ၁၆၇၁ သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် ဇွန် ၃၀ ရက်နေ့အထိ အမျိုးသမီး ၆၉၃ ယောက် သေဆုံးခဲ့ရကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန စာရင်းတွေအရ သိရတယ်။
ဝေဝေ