DVB Logo
Home
မြန်မာသတင်း
တရုတ်နှင့် အိန္ဒိယ ခရီးသွားများကို ဆိုက်ရောက်ဗီဇာဖြင့် လည်ပတ်ခွင့်ပြု
DVB
·
September 13, 2023
တရုတ်နှင့် အိန္ဒိယ ခရီးသွားများကို ဆိုက်ရောက်ဗီဇာဖြင့် လည်ပတ်ခွင့်ပြု
Donate to DVB

မြန်မာပြည်တွင်းကို တရုတ်နဲ့ အိန္ဒိယက ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာအောင် ဆိုက်ရောက်ဗီဇာနဲ့ လည်ပတ်ခွင့်ကို စစ်ကောင်စီက ခွင့်ပြုပေးလိုက်တယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တွေထံက သိရပါတယ်။

မြန်မာပြည်တွင်းကို လေကြောင်းခရီးနဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံသား ကမ္ဘာ့လှည့်ခရီးသည်တွေအတွက် Tourist Visa On Arrival ကို စမ်းသပ်ကာလတနှစ် သတ်မှတ်ပြီး ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြုပေးတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတဦးက “ဒီလကစပြီး VOA (Visa On arrival ) ပေးလိုက်ပြီ။ ဒီလိုပေးတယ်ဆိုတာကို အခုမှ ကြေညာပြီးတော့ တရုတ်နဲ့ အိန္ဒိယသိအောင် သံရုံးတွေ အကြောင်းကြား၊ ခရီးသွားကုမ္ပဏီတွေကို အကြောင်းကြားပြီးတော့ စပြီး သတင်းဖြန့်နေရသေးတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာဆီယံဒေသတွင်းက ခရီးသွားတွေကို မြန်မာနိုင်ငံအတွင်း ပိုမိုဝင်ရောက်လာအောင် မျှော်မှန်းလုပ်ဆောင်နေတာဖြစ်ပြီး ရုရှားနဲ့ တခြား အာဆီယံနိုင်ငံတွေကိုလည်း Visa free ပေးထားတာ ဖြစ်ပါတယ်။

ဒီလို ဗီဇာဖြေလျှော့ပေးမှုတွေအရ လာမယ့် အောက်တိုဘာ ပွင့်လင်းရာသီမှာ ပြည်ပခရီးသွားဧည့်သည်တွေ အခုထက် ပိုများလာမယ်လို့ စစ်ကောင်စီနဲ့ ပြည်တွင်းခရီးသွား လုပ်ငန်းရှင်တွေက မျှော်မှန်းထားကြတာပါ။

“ပြည်ပခရီးသွားတွေ ချက်ချင်း အများကြီး တိုးတက်လာဖို့တော့ မမျှော်မှန်းသေးပါဘူး။ ဒါပေမဲ့ ကိုဗစ်ပြီးသွားပြီး ကမ္ဘာမှာလည်း လုပ်ငန်းတွေ ပြန်စလာပြီဆိုတော့ ကျနော်တို့လည်း အခက်အခဲတွေကြားကနေ ပြန်စဖို့ ကြိုးစားနေတာပေါ့ဗျာ။ အများကြီးဖြစ်မယ်လို့တော့ မမျှော်မှန်းသေးပါဘူး။ ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်း တိုးတက်လာဖို့က မဖြစ်မနေ ကြိုးစားရမှာတော့ ကျနော်တို့တာဝန် ဖြစ်တဲ့အတွက် ကျနော်တို့ ပုဂ္ဂလိကပိုင်းကရော နိုင်ငံတော်ပိုင်းကရော ကြိုးစားနေတာပါ၊ ဒီသဘောပါ” လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံကို တရုတ်နဲ့ ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်တွေ အများဆုံး ဝင်ရောက်ထားပြီး မနှစ်ကထက် ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု နှစ်ဆတိုးလာတယ်လို့လည်း အဲဒီလုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။

ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တဦးက “နှစ်ဆတိုးတယ်ဆိုတာက မနှစ်ကတော့ တော်တော်နည်းသေးတာကိုး။ လာတာကတော့ တရုတ်နဲ့ ထိုင်းက တချို့လာတယ်။ ကျန်တာကတော့ အနည်းအကျဉ်းပါ။ သိပ်အများကြီး မလာသေးပါဘူး” လို့ ပြောပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း မြန်မာနိုင်ငံကို လေကြောင်း အပါအဝင် ဝင်ပေါက်အသီးသီးကနေ နိုင်ငံခြားသား ခရီးသွားဧည့်သည်အရေအတွက် ၃ သိန်းကျော်သာ ဝင်ရောက်ခဲ့ပြီး ဗီဇာနဲ့ ဝင်ရောက်တဲ့ ခရီးသွားအရေအတွက်က ၁ သိန်းကျော်သာ ရှိပါတယ်။

ဒီအရေအတွက်ဟာ စစ်တပ်အာဏာမသိမ်းခင်နဲ့ ကိုဗစ်ကပ်ဘေးကာလ မတိုင်ခင်က မြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် လာရောက်မှုနဲ့ ယှဉ်ရင် အဆပေါင်းများစွာ လျော့နည်းကျဆင်းနေပါတယ်။ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှု မတိုင်ခင်က ပြည်ပခရီးသွားဧည့်သည် ၄ ဒသမ ၅ သန်းထိ ဝင်ရောက်မှု ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013