မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ ရက်နေ့မှာ လက်ပံသာရွာက ဒေသခံ ၅၇ ဦးနဲ့ အောင်သုခရွာ ဒေသခံ ၄ ဦး စုစုပေါင်း ဒေသခံ ၆၁ ဦးကို ဖမ်းဆီးထားပြီး စက်တင်ဘာ ၁၂ ရက်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “စစ်ကြောင်းထိုးလာလို့ ပြေးတဲ့သူတွေ ပြေးတယ်၊ မပြေးနိုင်ဘဲ ကျန်ခဲ့သူတွေ ဖမ်းခံထားရတာပါ။ အမျိုးသားတွေကော အမျိုးသမီးတွေကော၊ စစ်ရှောင်နေရတာလည်း အများကြီးရှိပါတယ်။ စားရေးသောက်ရေး ခက်ခဲနေကြတယ်” လို့ ပြောပါတယ်။
ငါန်းဇွန်မြို့နယ် သားကျင်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ လက်ပံသာရွာကို ဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့ကာ အောင်သုခရွာကို ဝင်ရောက်ပြီးနောက် ရက္ခဒီပရွာ၊ လင်္ကာဒီပရွာတွေကို စစ်ကြောင်းထိုးတဲ့အပြင် လက်ပံသာရွာကို ပြန်ဝင်လာပြီး ဘုန်းကြီးကျောင်းမှာ ဒေသခံတွေကို ဖမ်းထားတယ်လို့ သိရပါတယ်။
သားကျင်ကျေးရွာ စတိုးဆိုင်က ဆန်အပိုင်း ၉၀ ကိုလည်း စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၁၀ ရက် ညပိုင်းမှာ သူတို့တပ်စွဲထားတဲ့ စာသင်ကျောင်းထဲကို သယ်ဆောင်သွားတဲ့အပြင် ဆိုင်ကိုလည်း မွှေနှောက်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် အောင်သုခ၊ ရက္ခဒီပ၊ ရေလည်သောင်၊ လင်္ကာဒီပ၊ လက်ပံသာ၊ အောင်သာမြောက်ကျွန်း၊ ကံသာရွာက ဒေသခံ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။