DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်တော်လှန်ရေးလျှော့လို့ မရသေးသလို၊ လူထုတိုက်ပွဲ လျစ်လျူရှုလို့ မရသေးဟု NUG ပြော
DVB
·
September 12, 2023
လက်နက်ကိုင်တော်လှန်ရေးလျှော့လို့ မရသေးသလို၊ လူထုတိုက်ပွဲ လျစ်လျူရှုလို့ မရသေးဟု NUG ပြော
Donate to DVB

နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျှော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးဘူးလို့ NUG  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက် ၁၀ နာရီမှာကျင်းပရာမှာ ပြောကြားလိုက်တာလို့ NUG က သတင်းထုတ်ပြန်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “အခုနွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေး တိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးပါဘူး။ ဒါကို ကျွန်တော်တို့အစိုးရအဖွဲ့ဝင်‌တွေ အားလုံး ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်ထပ်ပြောချင်တဲ့ကိစ္စကတော့ ကျွန်တော်တို့ အားလုံး သတိချပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါကတော့ တော်လှန်ရေးသက်တမ်း အချိန်အတိုင်းအတာတစ်ခု ရောက်လာတာနဲ့အမျှ လူထုရဲ့ စိတ်နေသဘော အလှုပ်အရမ်းတွေကို ပိုပြီး တွေ့မြင်လာရပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာ နယ်ပယ်ကဏ္ဍအသီးသီးကနေ ပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စိတ်နေသဘော တိမ်းညွှတ်ချက်တွေဟာအလှုပ်အရမ်းဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေဟာ တော်လှန်ရေးထဲမှာ တွေ့ရလေ့ရှိတဲ့ political behavior တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။”

ဒါ့အပြင် NUG ခေါင်းဆောင်တွေမှာ အားနည်းချက်တွေ ရှိနိုင်ကြောင်း၊ ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လူထုကိုအထိနာစေတဲ့ အမှားအယွင်းတွေ မရှိအောင် အထူး သတိထားဖို့လိုတဲ့အကြောင်း ယာယီသမ္မတက ပြောပါတယ်။

“ကျွန်တော်တို့ဟာ အခြေအနေနဲ့ လူထုက တွန်းတင်လိုက်လို့ ခေါင်းဆောင်တာဝန်တွေကို ယူကြရတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။ လူဆိုတာ အလုံးစုံ ပြည့်စုံတဲ့သူ မရှိပေမယ့်၊ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လူထုကို အထိနာစေတဲ့ အမှားအယွင်းတွေ မရှိအောင် အထူး သတိထားရပါလိမ့်မယ်။ သာမန် လူတစ်ယောက်ရဲ့ အားနည်းချက်က တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု မကြီးမားပေမယ့်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကတော့ တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။ ဒါ့ကြောင့် အသေးအဖွဲ့ကိစ္စ ဖြစ်နေပါစေ သတိလက်လွတ် ပေါ့လျော့တာမျိုး မဖြစ်စေဖို့၊ ကျွန်တော့်အနေနဲ့ အထူး သတိပေးတိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း စစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဖြစ်မနေ ကြိုးစားပြီး အားထုတ်လာမယ့် အနေအထားမျိုး တွေ့ရတာမို့ ဒီအတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်တယ်လို့ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စစ်ကောင်စီရဲ့ ဆက်ဆံရေးအခြေအနေ၊ လှမ်းနေတဲ့ ခြေလှမ်းတွေ စောင့်ကြည့်ကြဖို့ လိုပါတယ်။နောက်တစ်ခုကတော့ စစ်ကောင်စီက ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲ အခြေအနေပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့တုန်းကလည်း အကြမ်းဖက် စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၄ မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်း လုပ်ငန်းစဉ်တွေ ပြီးဆုံးရင် ရွေးကောက်ပွဲ လုပ်မယ် ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ သူတို့ရဲ့ ထွက်ပေါက်လို့ ထင်နေတာကြောင့် မဖြစ်မနေ ကြိုးစားပြီး အားထုတ်လာမယ့် အနေအထားမျိုး တွေ့ရတာမို့ မိမိတို့ကလည်း ဒီအတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်သလို နိုင်ငံတကာကိုလည်း ဒီရွေးကောက်ပွဲဟာ အာဏာလု အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လုပ်ခွင့်ကို မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေ တိတိကျကျ ပြောပြထားနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားပါတယ်။

ဒီအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန် တိုက်ပွဲဝင်နေတဲ့ မြေပြင်တော်လှန်ရေး ခေါင်းဆောင်တွေကို အသိအမှတ်ပြုတာနဲ့ တော်လှန်ရေး အတွက် စုစည်းညီညွတ်မှုကို အခြေတည်ပြီး ယာယီသမ္မတ ဒူဝါလရှီးလနဲ့  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့က မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးကို Zoom Meeting ကတဆင့် လက်ခံတွေ့ဆုံခဲ့တယ်လို့လည်း သမ္မတရုံးက ဒီကနေ့ သီးခြားထုတ်ပြန်ထားပါတယ်။

တွေ့ဆုံရာမှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မဟာမိတ်တွေ စစ်ဒေသအလိုက် တည်ဆောက်ထားတဲ့ Chain of Command (COC) မှာ ပါဝင်ဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက မြေပြင်မှာ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာယန္တရားတွေ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့နဲ့ တော်လှန်ရေးအလွန် ကာလမှာ အကောင်အထည် ဖော်ရမယ့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်တွေ လက်ခံပါဝင် ဆောင်ရွက်ဖို့ ပြောကြားခဲ့ပြီး တခြားကိစ္စတွေ ဆွေးနွေးပြောဆို သဘောတူညီချက် တစုံတရာ လုံးဝ မရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013