Home
မြန်မာသတင်း
မြန်မာ့သကြားဝယ်ယူရန် ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း
DVB
·
September 11, 2023

မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ သကြားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့  ကြံစိုက်ပျိုးရေးနဲ့ သကြားထုတ်လုပ်သူတွေဆီက သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်တွင်းသကြားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာ့သကြားကို ရန်ကုန်အခြေစိုက် အင်္ဂလားဒေ့ရှ်မစ်ရှင်ကတဆင့် မြန်မာ့သကြားနဲ့ ကြံ ဆက်စပ် ထုတ်ကုန်များအသင်း (MSCA)ကို ဆက်သွယ်ထားပြီး ဆွေးနွေးနေတယ်လို့ ဘင်္ဂလာဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကြံစိုက်ပျိုးရေးနဲ့သကြားထုတ်လုပ်သူတဦးက "ဘင်္ဂလားဒေ့ရှ်ကို သကြားတင်ပို့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် သူတို့ဘက်ကမ်းလှမ်းထားတာ ရှိသလို ဆွေးနွေးမှုတွေလည်း ရှိပါတယ်။ ဘယ်လောက် ပမာဏတင်ပို့မယ်ဆိုတာကတော့ ဆွေးနွေးပွဲ ရလဒ်ပြီးမှပဲ သိနိုင်မှာပါ။ တင်ပို့မှာကတော့ သေချာပါတယ်။ မြန်မာ့သကြား လက်ရှိတော့စျေးကောင်းနေပေမယ့် ထုတ်လုပ် စရိတ်တွေလည်း အရမ်းများနေပါတယ်။ စျေးနှုန်းကောင်းကောင်းနဲ့ နိုင်ငံခြားတင်ပို့ခွင့်ရရင်တော့ လုပ်ငန်းရှင်တွေအတွက် ကောင်းတာပေါ့" လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အိန္ဒိယနဲ့ ပြင်သစ်ကနေ သကြားတင်သွင်းနေပေမဲ့ စျေးနှုန်းမြင့်မားတာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် များပြားတာကြောင့် ကုန်ကျစရိတ်သက်သာတဲ့ မြန်မာနိုင်ငံမှ တင်သွင်းတာ ဖြစ်နိုင်တယ်လို့ သကြားနဲ့ ကြံထွက်ပစ္စည်းစျေးကွက် လေ့လာသူတွေက​ သုံးသပ်ထားပါတယ်။

လက်ရှိမှာ မြန်မာဈေးကွက်မှာလည်း သကြား လက်လီစျေး  ၁ ပိဿာကို ကျပ် ၅,၀၀၀ အထိ မြင့်မားနေပေမဲ့ ကြံစျေး ၁ တန်ကို ၁၀၀,၀၀၀ မှ ၁၁၀,၀၀၀ အထိသာရှိတာကြောင့် ကြံထွက်ချိန်မှာ လက်ရှိစျေးသာရှိပါက အရှုံးပေါ်တယ်လို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။

မြန်မာပြည်တွင်းမှာ တနှစ်ကို သကြားတန်ချိန်ချိန် ၄ သိန်းခွဲကျော်ထွက်ရှိပြီး ပြည်တွင်းစားသုံးပြီး ပိုလျှံတဲ့ သကြားကို ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကို တင်ပို့တယ်လို့ သကြားနဲ့ကြံထွက်လုပ်ငန်ရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိပြည်တွင်းမှာ သကြားတန်ချိန် ၅၀၀၀၀ ကျော်သာ ရှိပေမဲ့ ကြံကြိတ်ရာသီ ဒီဇင်ဘာမရောက်မီအထိ လုံလောက်မှုရှိတယ်လို့ သကြားနဲ့ ကြံထွက်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024