
ယီမင်နိုင်ငံ၊ ရှဘ်ဝါပြည်နယ်က အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်ရေးစခန်းတခုကို အီရန် လိုလားတဲ့ ဟူသီအဖွဲ့က အောက်တိုဘာ ၁၉ ရက်မှာ တိုက်ခိုက်ခဲ့လို့ လူ ၅၃ ယောက် သေဆုံးပြီး အယောက် ၂၀၀ ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ ယီမင်နိုင်ငံထဲမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာချိန်မှာ အခုတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။
ရုပ်သံထဲက အဆောက်အအုံတွေ၊ တာဝါတိုင်နဲ့ ခြံစည်းရိုးတွေက ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ကိုက်ညီနေလို့ ယီမင်နိုင်ငံ ရှဘ်ဝါပြည်နယ်ဖြစ်ကြောင်း သက်သေပြနေပါတယ်။
အစောပိုင်းက လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ် ၄ ခုက ရိုက်တာသတင်းဌာနကို ပြောခဲ့ပြီး နောက်ပိုင်းမှာ ဒေသန္တရ အာဏာပိုင်တွေက သေဆုံးသူ စုစုပေါင်း အရေအတွက် ၅၃ ယောက်လို့ ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာ ပါသူတွေနဲ့ ရုပ်အလောင်းတွေက ဘယ်သူဘယ်ဝါဆိုတာကို သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။
စက်တင်ဘာလအတွင်း ဟူသီအဖွဲ့ဟာ ရေကြောင်းသွားလာမှု အချက်အချာကျပြီး အရေးပါတဲ့ ဘာ့ဘ်အယ်လ် မန်းဒက်ဘ် ရေလက်ကြားနားက နယ်မြေတွေဆီ ချီတက်လာခဲ့ပြီးတဲ့နောက် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ ထောက်ခံမှု ရယူထားတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပါတယ်။
ဟူသီသူပုန်တွေက လေ့ကျင့်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ ပဲ့ထိန်းဒုံးကျည် ၃ စင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသဆိုင်ရာ အာဏာပိုင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ယီမင်နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်း ကမ်းရိုးတန်းဒေသမှာ တည်ရှိပြီး အေဒင်ပင်လယ်ကွေ့ကို မျက်နှာမူထားတဲ့ စွမ်းအင်အရင်းအမြစ် ကြွယ်ဝတဲ့ ရှဘ်ဝါပြည်နယ်မှာ ယီမင်နိုင်ငံရဲ့ အကြီးမားဆုံး စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ဘာလ်ဟက်ဖ် သဘာဝဓာတ်ငွေ့ရည်စက်ရုံ တည်ရှိပါတယ်။
Source: Reuters











