
အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု ချမှတ်ခံထားရတဲ့ မြန်မာဘဏ်နှစ်ခုနဲ့ လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှုတွေ ရပ်တန့်ဖို့ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က တားမြစ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းမှာ ဖော်ပြပါတယ်။
မြန်မာအာဏာသိမ်းစစ်တပ်ကိုကျောထောက်နောက်ခံပေးနေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပြီးနောက် အဲဒီဘဏ်နှစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်လုပ်ငန်းတွေအားလုံးရပ်တန့်ဖို့ သူ့နိုင်ငံအတွင်းက ဘဏ်တွေအားလုံးကို ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က တားမြစ်လိုက်တာပါ။
လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်ထားဖို့ လမ်းညွှန်ထားတဲ့ သတိပေးတားမြစ်စာကို ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ဩဂုတ် ၂၀ ရက်မှာ သူ့နိုင်ငံတွင်းက ဘဏ်တွေအားလုံးကို ပေးပို့ခဲ့တာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထိန်းချုပ်ရေးရုံး (OFAC)ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု ချမှတ်ခံလိုက်ရပြီဖြစ်တာကြောင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်မလာစေရေးအတွက် မြန်မာဘဏ်နှစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်လုပ်ငန်းတွေကိုရပ်တန့်ဖိုလိုကြောင်း ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က ပေးပို့လိုက်တဲ့စာမှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထိန်းချုပ်ရေးရုံးဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ ရုံးခွဲ တခုဖြစ်ပြီး အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေနဲ့ ကုန်သွယ်ရေး တားမြစ်ချက်တွေကို စီမံခန့်ခွဲတာ၊ ပိတ်ဆို့မှုချမှတ်ခံရသူတွေစာရင်းကို ပြုစုတာတွေ ဆောင်ရွက်ရတဲ့ ဌာနလည်း ဖြစ်ပါတယ်။
ပိတ်ဆို့အရေးယူခံထားရတဲ့ မြန်မာဘဏ်တွေမှာ ဖွင့်လှစ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ပိုင် ဆိုနာလီဘဏ် (Sonali Bank) ရဲ့ အကောင့်တွေကို ပိတ်သိမ်းဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က အခုလိုတားမြစ်ချက် ထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
အဲဒီနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိနေတဲ့ အမေရိကန်သံရုံးက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တဆင့်ဆက်သွယ်ပြီး မြန်မာနိုင်ငံက ဘဏ်နှစ်ခုမှာ ဖွင့်လှစ်ထားတဲ့ ဆိုနာလီဘဏ်ရဲ့ အကောင့်တွေကို ပိတ်သိမ်းဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
ဩဂုတ် ၃ ရက် မှာတော့ အမေရိကန်သံရုံးက ပေးပို့လာတဲ့ တောင်းဆိုချက်ပါစာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုနာလီဘဏ်ကို ထပ်ဆင့်ပေးပို့လိုက်ပြီး လိုအပ်တဲ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ထပ်ဆင့် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက ဘဏ်နှစ်ခုမှာ ဆိုနာလီဘဏ်ရဲ့ အကောင့်တွေနဲ့ အမေရိကန်ဒေါ်လာ ၂ သိန်းကျော်ရှိနေပြီး၊ မြန်မာနိုင်ငံက ဘဏ်နှစ်ခုရဲ့ အကောင့်တွေနဲ့ ဆိုနာလီဘဏ်မှာ ထည့်သွင်းထားတဲ့ ငွေကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ရှိနေပါတယ်။
အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့လိုက်တာကြောင့် မြန်မာနိုင်ငံက ဘဏ်နှစ်ခုမှာရှိနေတဲ့ ငွေတွေနဲ့ အကောင့်တွေဟာလည်း ပိတ်သိမ်းခံလိုက်ရတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းမှာ ဖော်ပြထားပါတယ်။
Source: New Age