
တော်လှန်ရေးအတွက် ချင်းကာကွယ်ရေးအစုအဖွဲ့တွေ စစ်အင်အားပိုကောင်းအောင်တည်ဆောက်ဖို့ အာရက္ခတပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းလိုက်ပါတယ်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဧပြီ ၁၃ ရက်မှာ အွန်လိုင်းကနေတဆင့် ကျင်းပခဲ့တာမှာ တိုက်တွန်းလိုက်တာပါ။
ချင်းကာကွယ်ရေးအဖွဲ့တွေဟာ နိုင်ငံရေးအရစုဖွဲ့မှုအားကောင်းပေမဲ့ လက်နက်ကိုင်စုဖွဲ့မှုအား ပိုကောင်းဖို့လိုအပ်နေတယ်လို့ အာရက္ခတပ်တော် ဒုစစ်ဦးစီးချုပ်က ၅ နှစ်ပြည့်အခမ်းအနားမှာ အကြံပြုပါတယ်။
အာရက္ခတပ်တော် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က "ချင်းပြည်သူ့ ကာကွယ်ရေးတပ်တွေအပါအဝင် ချင်းနဲ့သက်ဆိုင်တဲ့စစ်အင်အားတွေကိုလည်း ပိုလို့ အားကောင်းအောင် လုပ်ကြပါဆိုတဲ့ဟာကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အချင်းချင်းဖြစ်နေတဲ့ စစ်ပွဲတွေမှာဆိုရင် စစ်အင်အား၊ လက်နက်သာ လွန်တဲ့လူကသာလျှင် ပိုပြီးမှ နေရာရနိုင်တယ်၊ ကိုယ့်လူမျိုးကို ကိုယ်ကာကွယ်နိုင်တယ်၊ ကိုယ့်တိုင်းပြည်ကို ကာကွယ်နိုင်တယ်ဆိုတယ်ဆိုတဲ့ဟာမျိုးက မျက်ဝါးထင်ထင်ပဲ ဖြစ်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပိုလို့အားကောင်းတဲ့ စစ်ဘက်ဆိုင်ရာပြင်ဆင်မှုတွေ စုဖွဲ့မှုတွေနဲ့ စနစ်ကျတဲ့ အဖွဲ့အစည်တွေဖြစ်ဖို့အတွက်ကိုလည်း ကြိုးစားကြပါဆိုတဲ့ဟာကိုလည်း ကျနော့်အနေနဲ့ ထပ်ပြီးမှပဲ အသိပေးလိုပါတယ်”လို့ ပြောပါတယ်။
နွေဦးတော်လှန်ရေး အစောပိုင်းကာလကတည်းက ချင်းတိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ICNCC ဟာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ICNCC ဟာ ထူထောင်ပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းထားတဲ့ ချင်းညီနောင်အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
ICNCC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ Kenton Linn က "ICNCC/CB ဆိုပြီးတော့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်ဆိုတဲ့ဟာက တဖွဲ့တည်း ဖြစ်သလို အထူးသဖြင့် ကျနော်တို့ ချင်းတော်လှန်ရေးသမိုင်းမှာဆိုရင် CB ဖွဲ့စည်းပြီးနောက်မှာ အာရက္ခတပ်တော် AA ရဲ့ ကူညီပံ့ပိုးမှုလည်း အင်မတန်မှ ကျနော်တို့ရဲ့သမိုင်းမှာ မှတ်တမ်းတင်ရမဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ကျန်တဲ့တော်လှန်ရေးအဖွဲ့အစည်းတွေမြောက်များစွာလည်း ကူညီထားတာ ရှိပါတယ်။ လေ့ကျင့်ပေးတာ၊ လက်နက်တပ်ဆင်ပေးတာ စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ ညီအစ်ကိုရင်းပမာကူညီပေးတဲ့ အာရက္ခတပ်တော်ကိုလည်း ကျနော်တို့ ချင်းသမိုင်းမှာ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်စကားပြောလိုပါတယ်။ ချင်းတမျိုးသားလုံးအရေးကိုရှေ့ရှုပြီးတော့ အမျိုးသားရေးအဖြေတွေ နိုင်ငံရေးအဖြေတွေ ဆက်လက်ရှာဖွေရင်း ချင်းတပြည်လုံးလွတ်မြောက်ဖို့ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်ဆိုတာ တင်ပြခြင်းဖြစ်ပါတယ်” လို့ပြောပါတယ်။
၂၀၂၃ ဧပြီလမှာ ICNCC ကနေ ချင်းအမျိုးသားတပ်ဦး (CNF) နုတ်ထွက်ခဲ့တာကြောင့် ဒေသကာကွယ်ရေးအဖွဲ့ ၆ ဖွဲ့ပူးပေါင်းထားတဲ့ ချင်းညီနောင်အဖွဲ့ကို ICNCC ကထူထောင်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီတို့အပါအဝင် ဒေသတွင်းစစ်ကောင်စီထိန်းချုပ်နယ်မြေအများစုကို ချင်းညီနောင်အဖွဲ့က သိမ်းယူထားပါတယ်။
ICNCC ၅ နှစ်ပြည့်အခမ်းအနားကို နယ်မြေချင်းစပ်ဆက်နေတဲ့ စစ်ကိုင်းနဲ့ မကွေးဖက်ဒရယ် ယူနစ်ကြားကာလအစိုးရအဖွဲ့ တာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်တာတွေပြုလုပ်သွားမယ်လို့ ဆိုကြပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ ဒုဝန်ကြီးချုပ် ဒေါက်တာ အောင်နေဝင်း က "တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားထဲမှာ ကျနော်တို့ အမြင်မတူတာတွေရှိမယ်၊ သဘောထားမတိုက်ဆိုင်တာတွေလည်းရှိမယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့အမြဲတမ်းကြည့်ရမှာက ကျနော်တို့ရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ပါ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးဦးတည်ချက်ကို တညီတညွတ်တည်းရပ်တည်ပြီးတော့ တိုက်ပွဲဝင်သွားကြဖို့ ကျနော့်အနေနဲ့ အလေးအနက်တောင်းဆိုပါတယ်”လို့ ပြောပါတယ်။
ICNCC ၅ နှစ်ပြည့်အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုယ်စားလှယ် ဒေါ်နှင်းနှင်းမွှေး၊ မွန်ဖက်ဒရယ်ကောင်စီနဲ့ ပအို့ဝ်အမျိုးသားဖက်ဒရယ်ကောင်စီတာဝန်ရှိသူတွေ၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီဝင် ခွန်းဘီထူးနဲ့ နိုင်ငံတကာရောက်မြန်မာတွေကိုယ်စား Save Myanmar အဖွဲ့ကိုယ်စားလှယ် ဦးရင်အေးတို့ တက်ရောက်ခဲ့ ပါတယ်။










