အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက် မြင့်မားနေဆဲဖြစ်တာကြောင့် ပြည်တွင်းပဲစင်းငုံ အဝယ်လိုက်လာပြီး အမြင့်ဈေး ရောက်နေတဲ့ မြန်မာ့ပဲစင်းငုံဈေးဟာ ဆက်လက်မြင့်တက်နေတယ်လို့ ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြည်တွင်းပဲစဥ်းငုံလက်ကျန် နည်းလာပြီး နိုင်ငံရဲ့ ပြည်တွင်းပဲဈေးနှုန်းလည်း မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံအပြင် အာဖရိကနိုင်ငံရဲ့ ပဲစဥ်းငုံ CNF ဈေးနှုန်းတွေလည်း မြင့်တက်လာတာလို့ ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအပြင် အာဖရိကနိုင်ငံတွေကလည်း ပဲဝယ်ယူ တင်သွင်းနေတာကြောင့် မြန်မာ့ပဲစင်းငုံဈေးက အိန္ဒိယနိုင်ငံအတွင်း ပြည်တွင်းပဲအထွက်နှုန်းနဲ့ အာဖရိကနိုင်ငံက တင်သွင်းမှုတို့အပေါ် မှုတည်နေတယ်လို့ ဆိုပါတယ်။
"လောလောဆယ်တော့ ပြည်တွင်းဈေးတက်နေတာပဲ။ စျေးလည်း အရမ်းမြင့်တယ်။ ပြည်တွင်း ဈေးက အိန္ဒိယနဲ့ အာဖရိက ပဲ တင်သွင်းမှုအခြေအနေ၊ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတု အခြေအနေနဲ့ ပဲအထွက်နှုန်းအပေါ်မှာ မူတည်နေတယ်။"
ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်းက အိန္ဒိယနိုင်ငံမှာ မိုးရွာသွန်းမှုကြောင့် မတ်ပဲနဲ့ ပဲစဥ်းငုံစိုက်ပျိုးတဲ့ ဧရိယာ အနည်းငယ်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စိုက်ဧကနဲ့ အထွက်နှုန်းကျဆင်းနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့တယ်လို့ ပဲဈေးကွက် လေ့လာစောင့်ကြည့်သူတွေဆီက သိရပါတယ်။
မြန်မာပြည်တွင်း ပဲစင်းငုံစျေးဟာ ဩဂုတ်လကုန်ပိုင်းက ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ဈေး ၁ တန်ကို ကျပ် ၃,၅၀၀,၀၀၀ ရှိပြီး စက်တင်ဘာ ၈ ရက်နေ့မှာ ၁ တန်ကို ၄,၁၅၀,၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ သီတင်းပတ်နှစ်ပတ် ဝန်းကျင်အတွင်းမှာ ပဲစင်းငုံ ၁ တန်ကို ကျပ် ၇ သိန်း ဝန်းကျင်အထိ မြင့်တက်လာတာပါ။
ပဲကုန်သည်တဦးက "အိန္ဒိယက အဝယ်လိုက်နေတဲ့အတွက် စျေးက အမြင့်ဆုံးကို ရောက်သွားတာ။ ဒီနှစ်က ပြည်တွင်းမှာလည်း အထွက်နည်းတယ်လေ။ အလားအလာကတော့ အိန္ဒိယက အာဖရိကပဲတွေ သွင်းနေတာဆိုတော့ ဈေးကွက်က စောင့်ကြည့်ရမှာပါ" လို့ ပြောပါတယ်။
အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက မတ်ပဲနဲ့ ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂ဝ၂၄ မတ် ၃၁ ရက်အထိ ခွင့်ပြုထားပြီး မြန်မာနိုင်ငံက ပဲတင်သွင်းခွင့်ကိုလည်း အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။
မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံကို အဓိက တင်ပို့နေတာဖြစ်ပြီး အခုဘဏ္ဍာနှစ် ပထမ ၄ လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုကတဆင့် ပြည်ပကို ပဲစင်းငုံတန်ချိန် ၁ သိန်း ကျော်တင်ပို့ထားပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၈၇ သန်းကျော် ရရှိခဲ့ပါတယ်။