Home
နိုင်ငံတကာ
ပနားမားတောနက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ရွှေ့ပြောင်းကလေး ၆၀,၀၀၀ ကျော်ရှိ
DVB
·
September 8, 2023

ပနားမားနိုင်ငံရဲ့ အန္တရာယ်ရှိတဲ့ ဒါရီယန်တောနက်ကို ၂၀၂၃ ခုနှစ်အတွင်း ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ စံချိန်တင် အရေအတွက်ကို စက်တင်ဘာ ၆ ရက်မှာ ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာသစ်အရ ၂၀၂၃ ခုနှစ်ရဲ့ ပထမ ၈ လတာအတွင်း ကိုလံဘီယာနဲ့ ပနားမားကြား တောထဲမှာ ကလေး ၆၀,၀၀၀ ကျော်ဟာ အန္တရာယ်ရှိတဲ့ ဒါရီယန်ဂက်ပ် တောနက်ကို ဖြတ်ကျော်ဖို့ အသက်အန္တရာယ်နဲ့ ကိုယ်လက်အင်္ဂါတွေကို စွန့်စားခဲ့ရပြီး ကလေးဖြတ်ကျော်မှု စံချိန်တင်တဲ့နှစ်လည်း ဖြစ်ပါတယ်။

ယူနီဆက်ဖ်ရဲ့ ဒေသဆိုင်ရာ ဆက်သွယ်စည်းရုံးရေးမှူး လောရန့်ထ်ဒူဗီးလ်လီယာက “ပနားမားမှာ ကလေးတွေနဲ့ နယ်စပ်ဖြတ်ကူးကြတဲ့ အဲဒီမိသားစုတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး တောတောင်တွေထဲက တခုကို ဖြတ်ကျော်ပြီး ၆ ရက်ကနေ ၁၀ ရက်အထိ ခရီးရှည်ကြီးမှာ အသက်ရှင်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

သူတို့ဟာ ရေနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်ကြပြီး နယ်ခြားမှတ်တိုင်မှာ တိုက်ရိုက်ပံ့ပိုးပေးနေပါတယ်လို့လည်း ဆိုပါတယ်။

ဒါရီယန်တောနက်ကို ဖြတ်ကျော်ခဲ့တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ ၂၀၂၁ ခုနှစ်မှာ အနည်းဆုံး ၂၉,၀၀၀ ရှိပြီး ၂၀၂၂ ခုနှစ်မှာတော့ ကလေး ၄၀,၀၀၀ လောက် ရှိပါတယ်။ 

အခုနှစ် ဇူလိုင် ၃၁ ရက်အထိ ဒါရီယန်ဂက်ပ် တောနက်ကို ဖြတ်ကျော်သူ လူပေါင်း ၂၄၈,၉၀၁ ဦး ရှိကြောင်း ပနားမားရဲ့ ရွှေ့ပြောင်းနေထိုင်ရေး အာဏာပိုင်တွေက ပြောကြားပြီး ဒီဖြတ်ကျော်မှုရဲ့ ၂၁ ရာခိုင်နှုန်းဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

တောင်အမေရိကတိုက်နဲ့ မြောက်အမေရိကတိုက်တို့ကို ဆက်သွယ်ထားတဲ့ ဗဟိုအမေရိက ဒေသရှိ ပနားမားရဲ့ ဒါရီယန်တောနက်ပိုင်းဟာ အမေရိကန်နဲ့ ကနေဒါကို ရောက်ရှိဖို့ မျှော်လင့်ချက်ရှိကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆွဲဆောင်နေတဲ့ ကီလိုမီတာ ၆၀ ခရီး အကွာအဝေးရှိတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024