DVB Logo
Home
မြန်မာသတင်း
သရက်ခရိုင်တွင် မိုး​နည်းသဖြင့် တောင်သူများ စပါးစိုက်မရဖြစ်နေ
DVB
·
September 8, 2023
သရက်ခရိုင်တွင် မိုး​နည်းသဖြင့် တောင်သူများ စပါးစိုက်မရဖြစ်နေ
Donate to DVB

မကွေးတိုင်း သရက်ခရိုင်မှာ အခုနှစ်မှာ မိုးရွာသွန်းမှုမရှိသလောက်နည်းတာကြောင့် စပါးစိုက် မရဘူးလို့ တောင်သူတွေက ပြောပါတယ်။

သရက်ခရိုင်အတွင်းမှာရှိတဲ့ သရက်မြို့၊ ကံမ၊မင်းတုန်းမြို့နဲ့ မင်းလှမြို့တို့ရှိ လယ်ယာတွေဟာ မိုးမရွာတာကြောင့် ရေသွင်းပြီးစပါးစိုက်ဖို့ ကြိုးစားပေမဲ့ မီးစက်ကောင်းကောင်းမရှိ​တာကြောင့် အဆင်မပြေဘူးလို့ သရက်မြို့ရှိ လယ်ယာစိုက်တောင်သူတဦးက ပြောပါတယ်။

"အစ်ကိုတို့ဆီမှာ မိုးမရလို့စပါးစိုက်ပျိုးလို့မရပါဘူး။ မိုးက လုံးဝမရွာတာတော့ မဟုတ်ဘူး နည်းနည်းဖွားဖွားလေးတော့ရွာတယ်။ အဲ့တာကလည်း လယ်တောင်ထွန်လို့ မရဘူး။ ဧရာဝတီမြစ်ရေ သွင်းပြီးတော့လည်း စိုက်ဖို့ကြိုးစားကြည့်ပေမယ့်လည်း အဆင်မပြေပါဘူး။ အစ်ကိုတို့ဆီမှာ မီးစက်ကြီးတွေမရှိဘူး၊ တရုတ်မီးစက်တွေပဲ သုံးနေရတာဆိုတော့ ဒီနေ့ရေတင်လိုက်ရင် နောက်နေ့ရေမရှိတော့ဘူး။" 

သရက်ခရိုင်အတွင်းရှိ စပါးစိုက်တောင်သူအများစုဟာ စပါးကိုရောင်းကြတာမဟုတ်ဘဲ စားသုံးကြတာကြောင့် အခုနှစ်မှာ စပါးမစိုက်ပျိုးရတာကြောင့် ဆန်ကိုစျေးကြီး ပေးစားသုံးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

လယ်သမားအများစုဟာ စပါးစိုက်မရတာကြောင့် စားဝတ်နေရေးအတွက် နွားကျောင်းနေရသလို အချို့ကလည်း နှမ်းနဲ့ပဲတီစိမ်းတို့ကို စိုက်ပျိုးကြတယ်လို့ ထုံးတောင်အုပ်စုရှိတောင်သူတဦးက ပြောပါတယ်။

"ကျနော်တို့ ထုံးတောင်အုပ်စုတခုထဲက လယ်ဧက ၂၀၀ လောက် လယ်လုပ်လို့မရဘူး။ တော်တော်များများက စားသောက်ဖို့အတွက် နွားကျောင်းနေရတယ်။ တချို့ကလည်း ကိုယ့်အကွက်ထဲမှာပဲ နှမ်းတို့ ပဲတီစိမ်းတို့စိုက်ကြတယ်။ ဒါပေမယ့် အဆင်တော့မပြေကြပါဘူး။ လယ်မြေမှာစိုက်​တော့ အထွက်နည်းတဲ့အပြင်ကို ပွဲစားတွေကလည်း စျေးနှိမ်ကြတယ်။ နီးနီးနား နားအောင်လံထက်တောင် နှမ်းတတင်းကို ၂၀,၀၀၀ ကျော် ၃၀,၀၀၀ လောက်ကွာတယ်။ အစ်ကိုမှာ အရင်က လယ် ၆ ဧကရှိတယ်၊ အခုတော့ စားဝတ်နေရေးအဆင်မပြေလို့  ၂ နှစ် ၃ နှစ်အတွင်းမှာ ရောင်းလိုက်ရတာ အခု ၂ ဧက ပဲ ရှိတော့တယ်။" 

စပါးစိုက်တဲ့ လယ်မြေတွေမှာ အခြားသီးနှံအစားထိုးစိုက်ကြပေမယ့် ကြက်သွန်စိုက်တဲ့ လယ်မြေတွေမှာတော့ ဘာမှစိုက်ပျိုးလို့မရဘူးလို့ တောင်သူတွေကပြောပါတယ်။

သရက်ခရိုင်အတွင်းရှိ သရက်၊ ကံမ၊ မင်းလှ နဲ့ မင်း​တုန်းတို့အပြင် အနီးအနားမှာရှိတဲ့ အောင်လံခရိုင်မှာလည်း မိုးမရွာတာကြောင့် လယ်စိုက်ပျိုးလို့မရဘူးလို့ အောင်လံလယ်စိုက်ပျိုးသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013