DVB Logo
Home
မြန်မာသတင်း
အရှေ့အာရှထိပ်သီးအစည်းအဝေး၌ မြန်မာ့အရေးဆွေးနွေး၊ ရေရှည်တည်တံ့သည့်အဖြေရှာရန်   ဘင်္ဂလားဒေ့ရှ်သမ္မတ တိုက်တွန်း
DVB
·
September 7, 2023
အရှေ့အာရှထိပ်သီးအစည်းအဝေး၌ မြန်မာ့အရေးဆွေးနွေး၊ ရေရှည်တည်တံ့သည့်အဖြေရှာရန်   ဘင်္ဂလားဒေ့ရှ်သမ္မတ တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေနဲ့  ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတာနဲ့ ပက်သက်ပြီး သြဂုတ်လ ၇ ရက်က  အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးမှာ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ 

ဂျာကာတာမှာ ကျင်းပတဲ့  အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးညီလာခံရဲ့  နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ  အရှေ့အာရှထိပ်သီးအစည်းအဝေးကို အာဆီယံနဲ့ အာရှဒေသက ခေါင်းဆောင်တွေနဲ့ အတူကျင်းပခဲ့တာ  ဖြစ်ပါတယ်။

အရှေ့အာရှထိပ်သီးအစည်းအဝေးပွဲရဲ့ အဖွင့်မိန့်ခွန်းမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုကိုဝီဒိုဒို က မိတ်ဖက်ရောင်းရင်း ခေါင်းဆောင်တွေအနေနဲ့ တင်းမာမှုတွေ လျှော့ချဖို့ အပါအဝင် စစ်ပွဲ ဒါမှမဟုတ် ပဋိပက္ခအသစ်တွေ မဖန်တီးကြဖို့အတွက် တိုက်တွန်းသွားပါတယ်။

မြန်မာ့အရေးနဲ့ ပက်သက်ပြီး ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမတ်ရှာဟာဘူဒင်ကတော့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတစ်ခုကို ဝိုင်းဝန်းရှာဖွေကြပါလို့ နိုင်ငံတကာအသိုက်အဝန်းအပေါ် တောင်းဆိုခဲ့ပါတယ်။ 

လက်ရှိအချိန်အထိ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရဆဲ  ပဲ ဖြစ်ပါတယ်။  ဒါ့အပြင် ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ နှောင့်နှေးမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ မလုံလောက်မှုတို့ကြောင့် ဒေသတစ်ခုလုံးကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့ ရှာဟာဘူဒင် အနေနဲ့ မှတ်ချက်ပေးပါတယ်။

ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမတ် ရှာဟာပူဒင်က “မြန်မာနိုင်ငံကနေ အတင်းအဓမ္မ ဖယ်ရှားခံခဲ့ရတဲ့ လူဦးရေ ၁ ဒသမ ၂ သန်းကို ဝန်ကြီးချုပ်က လူသားဆန်စွာ ခိုလှုံခွင့် ပေးထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အခင်းအကျင်းမှာလည်း ဒုက္ခသည်တွေရဲ့ အကျပ်အတည်းက ၇ နှစ် မြောက်အထိ ရောက်လာခဲ့ပေမဲ့ အဖြေတစ်ခုမှကို မတွေ့ရသေးပါဘူး။ ဘင်္ဂလားဒေ့ရှ် အနေနဲ့ကတော့ အဆုံးအစွန်အထိ ကြိုးပမ်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းဆောင်ရွက်ရမယ့် တာဝန် ၀တ္တရားလည်း ဖြစ်ပါတယ်”လို့ပြောပါတယ်။

စက်တင်ဘာ ၆ ရက်ကမနေ့က အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံအတွက် ချမှတ်ထားတဲ့ အချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်မှာ သိသာထင်ရှားတဲ့ တိုးတက်မှုမရှိတာကြောင့် ဒေသတွင်း ခေါင်းဆောင်တွေအနေနဲ့  အလွန်အမင်း စိုးရိမ်မိတယ်လို့ ဖော်ပြထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ လာအို ၃ နိုင်ငံက    မြန်မာ့အရေးကို ပူးတွဲတာဝန်ယူသွားမှာဖြစ်ပြီး အာဆီယံအနေနဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကိုသာ ဆက်လက်ကိုင်စွဲသွားမယ်လို့ အင်ဒိုနီးရှား သမ္မတ ဝီဒိုဒို က ပြောကြားထားပါတယ်။

အမေရိကန် ဒုသမ္မတ ကမ်မလာဟဲရစ်ကလည်း မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် စစ်အာဏာရှင်ကို ဖိအားဆက်ပေးမယ်လို့ မနေ့ကကျင်းပတဲ့ အာဆီယံ -  အမေရိကန် ထိပ်သီးအစည်းအဝေးမှာ ပြောသွားပါတယ်။

ကမ်မလာဟဲရစ်က “အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ စုပေါင်းရည်မှန်းချက်မှာ ခိုင်မာတဲ့ညီညွတ်မှု ရှိနေတာကို ကျေနပ်မိပါတယ်။ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ စံနှုန်းတွေမှာလည်း တူညီတဲ့ကတိပြုချက် တစ်ခုရှိပါသေးတယ်။ ဒါက မြန်မာနိုင်ငံရဲ့  အကျပ်အတည်းလိုမျိုး ဒေသတွင်းနဲ့နိုင်ငံတွင်း ကိစ္စရပ်တွေအပေါ်တွန်းအားပေးရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဆိုးရွားလှတဲ့ အကြမ်းဖက်တွေ အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးခံထားရသူ အကုန်ပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့နဲ့ ပက်သက်ပြီး အမေရိကန်နိုင်ငံဟာ စစ်ကောင်စီအပေါ် ဆက်လက်ဖိအားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီမှုကိုပါ ထောက်ခံမှု ဆက်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိအလှည့်ကျဥက္ကဋ္ဌအဖြစ် သူတာဝန်ယူထားရတဲ့ တစ်နှစ်အတွင်း နောက်ဆုံးကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို  စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ဂျကာတာမြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။

ဒီတကြိမ် ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းဝေးတွေမှာလည်း မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပါဝင်တက်ရောက်ခွင့်မပြုဘဲ မြန်မာအတွက် ထိုင်ခုံနေရာ ချန်လှပ်ထားပါတယ်။ 

Photo-ASEAN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013